အရာေတာ် ကုန်းသာကျေးရွာနားမှာ လူငယ် ၃ ဦး ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၂၁ ၊ ၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ ကုန်းသာကျေးရွာနားမှာ မနေ့ စက်တင်ဘာ မနေ့ ၂၀ ရက် က လူငယ် ၃ ဦး ပစ်သတ်ဖမ်းဆီးခံရတယ်လို့ အရာတော်မြို့နယ် ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က နေ့ခင်းပိုင်းမှာ ဖြစ်တာပါ ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ က လူငယ် ၃ ဦးက စစ်ကြောင်းလာမယ့်လမ်းကို မိုင်းဆွဲဖို့ လုပ်နေတဲ့အချိန် ပစ်သတ်ခံရတာဖြစ်တယ် ၊ ဘယ်ကလူတွေမှန်း မသိရသေးဘူး ၊ ရွာက ကလေးတွေတော့ မဟုတ်ဘူး ” လို့ ကုန်းသာရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကုန်းသာရွာနားမှာ မနေ့က မိုင်းဆွဲဖို့လာတဲ့ အမည်မသိ (စုံစမ်းဆဲ) လက်နက်ကိုင်အဖွဲ့နဲ့ နယ်မြေရှင်းလင်းရေး လာတဲ့ စစ်ကြောင်းအဖွဲ့ ထိတွေ့မှုဖြစ်ပွားတယ် ၊ အလောင်း ၃ လောင်းနဲ့ သေနတ် ၃ လက် သိမ်းဆီးရမိတယ် ” လို့ပြောပါတယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းက အရာတော်မြို့နယ် ၊ နောင်ကြီးအိုင်ကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရဟတ်ယာဥ်နဲ့ လေကြောင်း ပစ်ကူပေးခဲ့တာကြောင့် လူ ၁ ယောက်သေ ၊ ၃ ယောက် ဒဏ်ရာရပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ ထိတွေ့မှု တိုက်ပွဲမှာ နောင်ကြီးအိုင် ရဲကင်းစခန်းဘက် တပ်ဖွဲ့ဝင် တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အခုက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းထဲမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးတာတွေရှိလို့ စစ်ကိုင်းမြို့နယ် ၊ သလွန်ဖြူရွာနားမှာ ၇ ယောက် ၊ မြင်ဆည်ရွာနားမှာ ၄ ယောက် ၊ မြင်းမူမြို့နယ် ၊ ညောင်ရင်းရွာနားမှာ ၄ ယောက် ၊ ပင်လည်ဘူးမြို့နယ်မှာ ၂ ယောက် ၊ မုံရွာမြို့နယ် ၊ ရွာတုံရွာနားမှာ ၂ ယောက် သေဆုံးရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #အရာတော် #စစ်ကိုင်းတိုင်းအတွင်းပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW