စက်တင်ဘာ ၂၂ – ၂၀၂၃
KT -GG (VOM)
ပြည်ပကို ဆန်တင်ပို့တဲ့ Exporterတွေအနေနဲ့ တောင်သူတိုက်ရိုက်မဟုတ်ဘဲ သက်ဆိုင်ရာ ဒေသတွေက ကုန်စည်ဒိုင်တွေကတဆင့် စနစ်တကျ ဝယ်ယူရေးကို ဦးစားပေး ပြုလုပ်ဖို့အပြင် ဆန်စပါးထွက်ရှိရာဒေသက ဝယ်ယူမယ်ဆိုရင် သက်ဆိုင်ရာ တိုင်း/ပြည်နယ် လုပ်ငန်းအဖွဲ့၊ မြို့နယ်လုပ်ငန်းအဖွဲ့ထံ အသိပေးတင်ပြပြီးမှ ဝယ်ယူဖို့ အပါအဝင် သတိပေးချက်တွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)က မနေ့စက်တင်ဘာ ၂၁ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။
နောက်ပြီး Exporter တွေနဲ့ ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်း စတဲ့ ပြည်တွင်းစား ဆန် ကို ဝယ်ယူသိုလှောင်သူတွေအနေနဲ့ နယ်မြေဖြတ်ကျော် (တိုင်း/ ပြည်နယ် ဖြတ်ကျော်)ပြီး စပါး ဝယ်ယူခြင်းကိုလည်း ကြိုတင်အသိပေးခွင့်ပြုချက် မရှိဘဲ မလုပ်ဖို့၊ စပါးဝယ်ယူမယ့် နေရာမှာ ကိုယ်ပိုင်ဆန်စက် ဒါမှမဟုတ် သိုလှောင်ရုံတည်ရှိတဲ့ ကျောထောက်နောက်ခံရှိမှသာ စပါးဝယ်ယူစုဆောင်းဖို့လည်း အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ က စပါးရည်ညွှန်းစျေးအဖြစ် ဧည့်မထ၊ငစိန် စပါးကို ၁၃ သိန်းကနေ ၁၅ သိန်းအတွင်းရောင်းချဖို့နဲ့ ဧရာမင်း၊ဧရာပဒေသာ၊ဧရာဝတီပေါ်ဆန်းစပါးကို ၁၆ သိန်း ကနေ ၁၈ သိန်း၊ ရွှေဘိုပေါ်ဆန်းကို ၁၈ သိန်း ကနေ သိန်း ၂၀အထိသာ ရောင်းဝယ်ကြဖို့ အသိပေးပြီးနောက်မှာ အခုလို အသိပေးချက် ၉ ချက်ကိုထပ်မံထုတ်ပြန်လာတာဖြစ်ပါတယ်။
“ဟုတ်တယ် အခုက စပါးကတော့ နယ်ကျော်သယ်ယူခွင့် မပြုသေးဘူး အဲ့ဒီသဘောပဲ။ဆန်ကတော့ ရပါတယ်။ စပါးရည်ညွှန်းစျေးသတ်မှတ်တာကလည်း ကျနော်တို့ကခေါ်ပြီးဆွေးနွေးဖို့နဲ့ ဝယ်လို့မရရင် ကျနော်တို့အသင်းကိုဆက်သွယ်ရင် ကျနော်က ချိတ်ဆက်ပေးမှာပါ။ရည်ညွှန်းစျေးထက်ပိုရောင်းရင် ကျနော်တို့ကခေါ်ပြီးဆွေးနွေးညှိနိူင်းတာလုပ်မှာပါ “လို့ MRF ရဲ့ အသင်းဝင်(၁)ဦးကပြောပါတယ်။
အသိပေးချက်ထဲမှာ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက်ထက် နည်းပြီး စပါးဝယ်တာမျိုးမလုပ်ဘဲ စပါး အမျိုးအစားအလိုက်၊ ဆန်အမျိုးအစားအလိုက် ဒေသအလိုက် သင့်တင့်မျှတတဲ့ ဈေးနှုန်းဖြင့်သာ ဝယ်ယူဖို့ စပါးဆန် ရလိုဇောနဲ့ မူမမှန်တဲ့ ဈေးဖြင့် ဝယ်ယူသိုလှောင်ခြင်းမလုပ်ဖို့လည်း ပါဝင်ပါတယ်။
ဒါ့ကြောင့် ဆန်စပါးဈေးကွက်တည်ငြိမ်မှုကို ထိခိုက်စေမယ့် ဝယ်ယူစုဆောင်းမှုကို လုံးဝ မပြုလုပ်ဖို့နဲ့ မူမမှန်တဲ့ ဝယ်ယူစုဆောင်းမှုဆိုင်ရာ သတင်းအချက်အလက်များဥပဒေနဲ့ ဆန့်ကျင်တဲ့ တရားမဝင်ကုန်သွယ်မှုဆိုင်ရာသတင်းတွေ ကို အသင်းချုပ်ကို ဖြစ်စေ၊ကုန်စည်ဒိုင်ကို ဖြစ်စေ အမည်ဖော်ပြခြင်း မပြုဘဲ အသိပေးတဲ့ (whistleblower)အစီအစဉ် ကျင့်သုံးမယ်လို့လည်း အသိပေးထားပါတယ်။
MRF ရဲ့စပါးရည်ညွှန်စျေးသတ်မှတ်မှုနဲ့ အခုလိုသတိပေးချက်တွေထုတ်ပြန်တဲ့အပေါ် တောင်သူ(၁)ဦးက ” အခုစပါးစျေးတွေသတ်မှတ်နေတဲ့အထဲမှာ တကယ်စပါးစိုက်တဲ့တောင်သူဘယ်လောက်ပါသလဲမေးချင်တယ်၊အခုဆုံးဖြတ်တာက အဝယ်သမားတွေချည်းပဲ။ရောင်းမယ့် ကျနော်တို့တောင်သူတွေမပါဘူး။စပါးပင်ဖြစ်ဖို့ အချိန် ၅ လလောက် လုပ်ယူရတယ်၊အချိန်တွေ ငွေတွေ၊လုပ်အား အကုန်သုံးရတယ်၊ သိန်းအောက်ထန်ကျ ချပေးဖို့တောင်သူတွေအော်ကြတော့ ဂရုမစိုက်၊ ကုန်သည်တွေက အချိုအချောင် ရချင်ကြတယ်၊စပါးစိုက်ချိန်တုန်းက စျေးတွေအကုန်တက်နေချိန်ကျ ချပေးဖို့ တောင်သူတွေအော်ကြတော့ ဂရုမစိုက်ကြဘူး။အခုစပါးပေါ်လို့ ၁၆ သိန်း စဖွင့်နေတာသိလျက်နဲ့ သူတို့က စျေးကိုဆွဲချချင်နေတယ်၊တောင်သူတွေကို ၁၆ သိန်းအောက်ထစ်ပေါက်နေတာကို ၁၆ သိန်းအောက် လာဝယ်ရင် ဘယ်သူကရောင်းမလဲ စဥ်းစားပေါ့၊ တောင်သူလက်ထဲ စပါးမရှိဘူးဆိုချိန်ကျ စျေးကခုန်တက်တယ်” လို့ ပြောပါတယ်။
MRF ကတော့ သူတို့သတ်မှတ်တဲ့ စပါးရည်ညွှန်းစျေးဟာ တောင်သူအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ပိုသာပြီး၊ အနည်းဆုံး ပြည်ပတင်ပို့မှုအတွက် ၅၀ရာခိုင်နှုန်း အကျိုး အမြတ်ကို ထည့်သွင်းတွက်ချက်ထားကြောင်း၊ စားသုံးသူ ပြည်သူအတွက်လည်း ဝန်ထုပ်ဝန်ပိုး ဈေးနှုန်းများမဖြစ်စေဘဲ နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မယ့် ဈေးနှုန်းဖြစ်ရေးကို ရှေးရှုဆောင်ရွက်ထားတာဖြစ်တယ်လို့ သိရပါတယ်။
မြို့နယ်အဆင့်တိုင်း /ပြည်နယ်အဆင့် “ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့”တွေကို အသင်းချုပ် နှင့် ညီနောင်အသင်းက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပြီး ဆန်စပါး ဝယ်ယူသိုလှောင် ကြိတ်ခွဲရောင်းချရေး လုပ်ငန်းကို ဌာနဆိုင်ရာ၊ အစိုးရဌာန နဲ့ Public Private Partnership PPP ပုံစံဖြင့် ပူးပေါင်းကာ ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်ရေးကို ပူးပေါင်းလုပ်ဆောင်မှာဖြစ်တယ် လို့လည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
ဆန်စပါးဝယ်ယူမှု ပြုလုပ်ရာမှာလည်း သတ်မှတ်ထားတဲ့ အရည်အသွေး၊ဆန်အရည်အသွေးဆိုင်ရာ အရေအတွက် စံချိန် စံညွှန်းနဲ့ ကိုက်ညီစွာ ဝယ်ယူမှုပြုလုပ်ဖို့၊ အစိုဓါတ်အလေးချိန်၊ အချိန်အတွယ်၊ သတ်မှတ်ထားတဲ့ စပါးအရည်အသွေး၊ စံချိန်စံညွှန်း အတိုင်း အထူးအလေးထားပြီး ဝယ်ယူဖို့လည်း အသိပေးချက်မှာ ရေးသားထားပါတယ်။
ကုမ္ပဏီတွေ ဆန်စပါးလုပ်ငန်းတွေအနေနဲ့ဝယ်ယူမှုဆိုင်ရာစာရင်းများမှတ်တမ်းကို စနစ် တကျ သိမ်းဆည်းဖို့၊ သိုလှောင်နူန်း ပြနိုင်မှသာလိုင်စင်ထုတ်ပေးနေသလို ဈေးတက်နေမှုကိုထိန်းချုပ်ဖို ပြင်ဆင်ထားဖို့လည်း ရေးသားထားပါတယ်။
လက်ရှိမှာ MRF နဲ့ အစိုးရတာဝန်ရှိသူတွေက ပြည်တွင်းဆန်စျေးမြင့်တက်နေမှုကိုထိန်းချုပ်ဖို့ဆိုပြီး ပြည်ပကို ဆန်တင်ပို့မှု လိုင်စင်ချပေးတာကိုလည်း ပစ္စည်း ၁၀၀ ရာခိုင်နူန်းပြနိုင်မှသာလိုင်စင်ထုတ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ဆန်စပါး #ပြည်ပတင်ပို့မှုကဏ္ဍ