ေသနတ်နဲ့ ပစ်ခံရလို့ ဖားကန့်ပြည်သူ့ဆေးရုံမှာ ကုသနေတဲ့ ရဲလူနာ ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၂၅ ၊ ၂၀၂၃
SP ( VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့မှာရှိတဲ့ ဖားကန့် ပြည်သူ့ဆေးရုံးမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဆေးရုံတက်နေတဲ့ အတွင်းလူနာတစ်ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက် ၊ ညနေ ၅ နာရီဝန်းကျင်က ဆိပ်မူ ( ဆိုင်းတောင်) ကျေးရွာ ၊ အမှတ် ၂ ရပ်ကွက်ထဲက ဆေးခန်းကိုလာပြတဲ့ ရဲ ၃ ယောက် ပစ်သတ်ခံရတဲ့ဖြစ်စဉ်ရှိတယ် ၊ အဲ့ဒီ ဖြစ်စဉ်မှာ သေဆုံးတဲ့ ရဲက ရဲတပ်ကြပ်ကြီး ဝင်းဇော်ဦးဖြစ်တယ် ၊ သူနဲ့အတူ ဆေးခန်းလိုက်လာတဲ့ ရဲတစ်ယောက်လည်း ပစ်ခံရပြီး ဒဏ်ရာရတယ် ၊ အဲ့ဒီ ဒဏ်ရာနဲ့ ဖားကန့်ဆေးရုံမှာ အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူနေတယ် ၊ အဲ့ဒီ ရဲလူနာကို ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က ဆေးရုံထဲကို ဝင်ပြီး ပစ်သတ်သွားတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုးညှင်းခရိုင် လုံခြုံရေးအဖွဲ့ နီးစပ်သူတယောက်က ” ဖားကန့်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသနေတဲ့ ဒဏ်ရာရ ရဲလူနာတယောက် ပစ်သတ်ခံရတယ်လို့ ကနဦး သိရတယ် ၊ အခုတော့ စိစစ်နေဆဲမို့ ဘာမှ ပြောနိုင်သေးဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်ကလည်း ဖားကန့်ကနေ မြစ်ကြီးနားမြို့ကိုသွားတဲ့ ရဲကား တစ်စီး မိုင်းဆွဲခံရပြီး ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်နယ်မြေဟာ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိပြီး မကြာခဏ ဆိုသလို အပြန်အလှန် ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တွေ ၊ ပြည်သူ့စစ်တွေ အပါအဝင် ၂ ဘက် ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။

လတ်တလော ရဲတွေသတ်ခံရတဲ့ အခြေအနေကို နေပြည်တော် ရဲချုပ်ရုံးနဲ့ နီးစပ်သူတယောက် ပြောပြတာက

” ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ်မှာ ရဲတပ်ကြပ် ဖိုးထူးဆိုသူ ပစ်သတ်ခဲ့တယ် ၊ စက်တင် ဘာ ၁၃ ရက် ၊ နေ့လယ်ပိုင်းအချိန်က ရန်ကုန် ၊ ရွှေပြည်သာ တပင်ရွှေထီးလမ်းက လက်ဘက်ရည်ဆိုင်ထဲမှာ ကယားပြည်နယ် ၊ လွိုင်ကော်မှာ တာဝန်ကျနေတဲ့ ရဲအုပ် အောင်သက်ထွေး ပစ်သတ်ခံရတယ် ၊ အဲ့ဒီနေ့ ညနေပိုင်းမှာ စစ်ကိုင်းမြို့နယ် ၊ သလွန်ဖြူရွာမှာရောက်နေတဲ့ မန္တလေး တံတားဦး လေဆိပ်တာဝန်ကျ ဒုရဲအုပ် သန်းမင်းစိုးတို့ လင်မယား ပစ်သတ်ခံရတယ် ၊ အဲ့ဒီနေ့ ညပိုင်း ၁၁ နာရီ ဝန်းကျင်မှာ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့က လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး လက်နက် ၄ လက်ပါသွားတယ် ၊ အဲ့ဒီနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် မနက် ၅ နာရီဝန်းကျင်က အဲ့ဒီ ဒီပဲယင်းမြို့မှာ ကင်းစောင့်ပြီး ရဲစခန်းကိုပြန်လာတဲ့ တပ်ဖွဲ့ဝင် ၂ ဦး လမ်းမှာ ပစ်သတ်ခံရပြီး လက်နက် ၂ လက်ပါသွားတယ် ၊ အဲ့ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ ဒီပဲယင်းနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဘုတလင်မြို့ပေါ်မှာလည်း ကင်းစောင့်ပြီး ရဲစခန်းပြန်လာတဲ့ ရဲအုပ် မျိုးလွင်နဲ့ တပ်ဖွဲ့ဝင် ၁ ဦး ၊ ပေါင်း ၂ ဦး လမ်းမှာ ပစ်သတ်ခံရပြီး လက်နက် ၂ လက်ပါသွားတယ်၊ စက်တင်ဘာ ၁၈ ရက်က မွန်ပြည်နယ် ရေးမြို့ အောင်သုခ ရပ်ကွက်ထဲမှာ သတင်းရဲတပ်ဖွဲ့က ရဲအုပ် မြင့်လွင် ပစ်သတ်ခံရတယ် ၊ စက်တင်ဘာ ၂၁ ရက်ညနေပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူးကျေးရွာ အမှတ် ၂ ရပ်ကွက်ထဲမှာ ရဲတပ်ကြပ်ကြီး ဝင်းဇော်ဦး ပစ်သတ်ခံရတယ် ၊ စက်တင်ဘာ ၂၂ ရက် မနက် ၁ နာရီက စစ်ကိုင်းတိုင်း တန့်ဆည်မြို့ မေတ္တာမြိုင်ရပ်ကွက်မှာ ဒုရဲအုပ် ၁ ဦး အပါအဝင် ရဲ ၅ ဦး နဲ့ ပြည်သူ့စစ် ၄ ဦး ပစ်သတ်ခံရတယ် ၊ အဲ့ဒါကြောင့် စက် တင်ဘာ ၈ ရက်ကနေ ၊ စက် တင်ဘာ၂၂ ရက်အထိ ၈ ရက်တာကာလအတွင်း တပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း လုပ်ကြံသတ်ဖြတ်ခံရတယ် ” လို့ ပြောပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #ဆေးရုံပေါ်ကရဲပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW