၉၉နှစ်ပြည့် မန္တလေးတက္ကသိုလ် ပင်မ အဆောက်အအုံ

ဆူးငှက်

မန္တလေးတက္ကသိုလ်၏ အမှတ်လက္ခဏာဖြစ်သော တိုင်လုံးကြီး ၆ လုံးနှင့် ပင်မ အဆောက်အအုံကြီးမှာ ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ၉၉ နှစ် ပြည့်ပါပြီ။

တကယ်တော့ ၁၉၂၅ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မန္တလေး ဥပစာကောလိပ်ကို စတင်
ဖွင့်လှစ်သောအခါ ယခု ပင်မအဆောက်အအုံကြီးသည် ဥပစာကောလိပ်နှင့် မသက်ဆိုင်ခဲ့ပေ။
ပထမကမ္ဘာစစ်ကြီး ကာလအတွင်းက မိမိ၏ ကိုလိုနီနိုင်ငံဖြစ်သော မြန်မာပြည်၏ အထွက်ကောင်း ဈေးကောင်း ရခဲ့သော ဆန်စပါး ထုတ်ကုန်က စစ်စရိတ်အတွက် ကြီးမားသော အထောက်အကူဖြစ်ခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်အစိုးရက မြန်မာ့ဆန်စပါး စိုက်ပျိုးရေးအတွက် မန္တလေးတွင် စိုက်ပျိုးရေးသိပ္ပံကို တည်ထောင် ဖွင့်လှစ်ရာတွင် ထိုအဆောက်အအုံကြီးက အဓိက ပါဝင်ခဲ့သည်။ အဆောက်အအုံကို ၁၉၂၁ခုနှစ် သြဂုတ်လ ၂၉ရက်နေ့တွင် မန်မာပြည် ဘုရင်ခံ ဆာရီဂျင်နယ် ဟင်နရီ ကရက်ဒေါက်က အုတ်မြစ်ချပေးခဲ့သည်။
ထိုမှတ်တမ်းကို အဆောက်အအုံကြီး၏ မြောက်ဖက် အဝင်ပေါက်၏ ညာဖက် အောက်ခြေတွင်

This stone was laid
By the Honourable
Sir Reginald Henry
Craddock, K.C.S.I.,
Lieut. Governor
of Burma on the 29 th Day of August 1921.
ဟု အုတ်မြစ်ချသည့် ကျောက်စာကမ္ပည်း ရေးထိုးထားသည်ကို လေ့လာနိုင်ပါသည်။

အဆောက်အအုံကြီးကို အုတ်မြစ်ချပြီးနောက် ၃နှစ်အကြာ ၁၉၂၄ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့ တွင် မြန်မာပြည်ဘုရင်ခံချုပ် ဆာစပင်ဆာဟာကုတ် ဘက်တလာ က ဖွင့်လှစ်ပေးခဲ့ပါ၏။ ထိုမှတ်တမ်းကို မြောက်ဖက် အဝင်ပေါက် အထက် ထုတ်တန်းတွင်
This Building was opened by
His Excellency Sir Spencer Harcourt Buttler, GCIE, KCSI,
Governor of Burma, on the 22 nd Day 0f December 1924.
ဟု ဖွင့်လှစ်သည့်ကျောက်စာကမ္ပည်း ထိုးထားပါသည်။ အဆိုပါ အဆောက်အအုံကို ငွေဒင်္ဂါး
၁၂သိန်း အကုန်အကျခံ တည်ဆောက်ခဲ့သည်ဟု မှတ်သားရသည်။

အင်္ဂလိပ်အစိုးရက စိုက်ပျိုးရေးသိပ္ပံကို တည်ထောင်ခြင်းနှင့်အတူ အမှုထမ်း အဆင့်အလိုက် နယ်မြေ ရပ်ကွက်ကိုပါ ဖွဲ့စည်းခဲ့သည်။ ရာထူး အကြီးအသေးအလိုက် အင်ပီရီယယ် ကွာတား (ImperalQr) ၊ အေဒီအကွာတား (ADA – Assistant Director of AgricultureQr) ၊ အက်အေအေ ကွာတား (SAA – Senior Agricultural Assistant Qr) င့် ဂျေအေအေ ကွာတား(Junior Agricultural Assistant Qr)ဟူ၍ ဖြစ်သည်။

၁၉၂၀ခုနှစ် ပထမကျောင်းသားသပိတ်ကြီး စတင်ပေါ်ပေါက်လာခဲ့ပြီးနောက် အမျိုးသားကျောင်း၊ အမျိုးသားကေလိပ်နှင့် အမျိုးသားပညာရေးတောင်းဆိုမှုများနှင့်အတူ အထက်ဗမာပြည်မန္တလေးမြို့တွင်လည်း ဥပစာကောလိပ် တစ်ကျောင်း ဖွင့်လှစ်ပေးရန် မန္တလေးမြို့မိ မြို့ဖများဖြစ်သည့် ဗဟိုရ်စည် ဦးဘဦး၊ကျောက်စာဝန်တော် စိန်ခိုနှင့် ရသေ့ကြီး ဦးခန္တီ တို့နှင့်အတူ ဗဟိုအမျိုးသားကျောင်း ဆရာကြီးဦးရာဇတ် တို့ဦးဆောင်ပြီး မန္တလေးမြို့လူထုကတောင်းဆိုကြသည်။ အကယ်၍ အင်္ဂလိပ်အစိုးရက လိုက်လျောလျှင်လည်း မန္တလေးမြို့လူထုအနေနှင့် ကိုယ့်အလှူငွေနှင့် ကိုယ်၊ ကိုယ့်မြို့မှာ ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင် ဖွင့်ကြမည်ဟု တင်ပြကြသည်။ နိုင်ငံရေး မျက်နှာစာမှာလည်း ဂျီစီဘီအေ ဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်းဆိုကြသည်။ တစ်ဆက်တည်း ဝံသာနုခေါင်းဆောင် ဦးဘဘေက ဥပဒေပြုကောင်စီတွင် ၁၉၂၀ပြည့်နှစ် တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ရေး ဥပဒေအကြမ်းတင်ခဲ့၏။ ပထမအဆင့်အနေနှင့် ၁၉၂၄ခု ဧပြီလတွင် အစိုးရက ဥပဒေကိုပြင်ဆင်ရန် အတည်ပြုပးခဲ့ရသည်။ ထို့အပြင် ၁၉၂၄ခု ပြင်ဆင်ချက် ဥပဒေအရ အထက်ဗမာပြည်တွင် ဥပစာကောလိပ် စတင်ဖွင့်လှစ်ရန် ကော်မတီ ဖွဲ့စည်းနိုင်ခဲ့သည်။

ထို့ကြောင့် အထက်ဗမာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမြို့တောင်ပြင် ဗောဓိကုန်းရပ်ကွက်တွင်ရှိသော စိုက်ပျိုးရေးသိပ္ပံကျာင်းဝင်းအတွင်းက တစ်ထပ် အုတ်တိုက်နီကလေးမှာ ၁၉၂၅ ဇူလိုင်၄ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မန္တလေး ဥပစာကောလိပ်ကို စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း အခက်အခဲ အမျိုးမျိုးကြားမှ ချို့တဲ့စွာ ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၄၂ခုနှစ်တွင် ဒုတိယကမ္ဘာစစ်မီးတောက်လောင်သောအခါ ဥပစာကောလိပ်ကိုလည်း ပိတ်လိုက်ရသည်။ စစ်ကြီး ပြီးသောအခါ မန္တလေး ဥပစာကောလိပ် ပြန်ဖွင့်လှစ်နိုင်ရေးကို ဆရာကြီး ဦးရာဇာတ်နှင့် ဆရာဦးကိုလေး (ဇေယျာမောင်)တို့က ပြန်လည်ဦးဆောင် ဆာင်ရွက်ကြသည်။

စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ အစိုးရအဖွဲ့တွင် ဆရာကြီးဦးရာဇာတ်က ဝန်ကြီးတာဝန်အယူ ရန်ကုန်ရောက်စဉ် မန္တလေး ဥပစာကောလိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဆရာဦးကိုလေးနှင့် ထပ်မံကြိုးစားကြပြန်၏။ ထို့ကြောင့် ၁၉၄၇ခု မေလ၂၉ရက်နေ့တွင် ဆရာ ဦးကိုလေး (ဇေယျာမောင်)ကို ကျောင်းအုပ်ကြီးအဖြစ်ခန့်အပ်ကာ မန္တလေး ဥပစာကောလိပ် ပြန်လည်ဖွင့်လှစ်ဖို့ တာဝန်ပေးလိုက်သည်။

ဆရာဦးကိုလေး (ဇေယျာမောင်)လည်း ကျောင်းအုပ်ကြီးတာဝန်ဖြင့် စစ်ကြီးကြောင့် ပျက်စီးသွားသော ပရိဘောဂများ ၊ ကျောင်းဆောင်များ ပြန်လည်ရရှိရေးကို အခက်အခဲ အမျိုးမျိုးကြားမှ ကြိုးစားမှုကြောင့် စစ်ကြီးအတွင်း စစ်ဘက်က ကြေးနန်းဌာနအဖြစ် သိမ်းယူထားသော စိုက်ပျိုးရေးသိပ္ပံက ရတနာပုံအဆောင်နှင့် စစ်ဘက်က ဆေးရုံအဖြစ် သိမ်းယူထားသော စိုက်ပျိုးရေးသိပ္ပံ ပင်မဆောင်ကြီးကို ဥပစာကောလိပ်က အသုံးပြုရန် ၁၉၄၇ခုနှစ် ဇူလိုင် ၁၅ ရက်နေ့တွင် ရရှိခဲ့သည်။

ရတနာပုံအဆောင်ကို ကျောင်းသားအိပ်ဆောင် အဖြစ် အသုံးပြုပြီး ပင်မဆောင်ကြီးကို စိုက်ပျိုးရေးဌာနနှင့် ညှိနှိုင်းကာ ပင်မဆောင်၏ အပေါ်၂ထပ်ကို ကောလိပ်ကျောင်းအဖြစ်နှင့် အောက်ဆုံး ပင်မအောက်ထပ်ကို စိုက်ပျိုးရေးဌာနရုံးအဖြစ် အသုံးပြုခဲ့သည်။

ဤသို့ဖြင့် ၁၉၂၅ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် စိုက်ပျိုးရေးသိပ္ပံဝင်းအတွင်းရှိ တစ်ထပ်
အုတ်တိုက်နီကလေး၌ ကျောင်းသူကျောင်းသား ၃၁ဦးနှင့် ချို့တဲ့ခက်ခဲစွာဖွင့်လှစ်ခဲ့ရသော မန္တလေး ဥပစာကောလိပ်သည် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် စိုက်ပျိုးရေးသိပ္ပံထံက လွှဲပြောင်းရယူခဲ့သော ခံ့ညား ထယ်ဝါလှသည့် ပင်မအဆောက်အအုံကြီးတွင် မန္တလေး ယူနီဗာစီတီကောလိပ်အဖြစ် ကျာင်းသူကျောင်းသား ၁၂၇ယောက်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့ကြောင့် ယခု မန္တလေးတက္ကသိုလ်သည် ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နှစ်၁၀၀ပြည့်မည်ဖြစ်ပြီး မန္တလေးတက္ကသိုလ်၏ ပင်မ အဆောက်အအုံကြီးကမူ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် နှစ်၁၀၀ပြည့်မည် ဖြစ်ပါကြောင်း။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW