ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ရန်ကြီးအောင် တပ်စခန်းမှာ တိုက်ပွဲဖြစ်လို့ နှစ်ဘက် ထိခိုက်ကျဆုံး

 

 

နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၃

SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် တောင်ပိုင်း ၊ သံဖိုရွာနဲ့ မြိုသာရွာကြားမှာရှိတဲ့ ရန်ကြီးအောင် တပ်စခန်းကို ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေက လာရောက်တိုက်ခိုက်တာကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒီမနက် ၈ နာရီဝန်းကျင်ကနေ စပြီးရန်ကြီးအောင် တပ်စခန်းမှာ တိုက်ပွဲဖြစ်တယ် ၊ တိုက်ပွဲဖြစ်ပြီး နှစ် နာရီလောက်အကြာမှာ လေကြောင်းပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒါကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေရှိနိုင်တယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ အခုထိ တိုက်ပွဲရှိန် မရပ်သေးဘူး ” လို့ သံဖိုဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ရန်ကြီးအောင်တပ်စခန်း တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြို့သာရွာခံ တယောက်က ” တိုက်ပွဲမှာ နှစ်ဘက် အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ကြတယ် ၊ ဒီမနက်က ရှားဘိုရွာနဲ့ တင်သားရွာထဲကို လက်နက်ကြီးတွေကျရောက် ပေါက်ကွဲတယ် ၊ တင်သားရွာမှာ အရပ်သား တယောက် လက်နက်ကြီးကျည် ထိမှန်သေးဆုံးတယ် ၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ ရန်ကြီးအောင် စခန်းက ဒီမနက် ၁၀ နာရီလောက်မှာ စခန်းကနေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတယ်လို့ ကြားရတယ် ၊ နှစ်ဘက်သေဆုံးမှုတွေရှိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ရန်ကြီးအောင် တပ်စခန်း တိုက်ပွဲနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထုတ်ပြန်ထားတာက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ကနေ စတင်တိုက်ခိုက်ခဲ့တဲ့ ရန်ကြီးအောင် တပ်စခန်းကို ဒီကနေ့ မနက်ပိုင်း ကစတင် ထိန်းချုပ်နိုင်ပြီဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲမှာ CNDF က ဆလိုင်း ဗန်းနွန်းထန်း (Salai Van Nun Thang ) သေဆုံးပြီး ၊ သုံးဦးဒဏ်ရာရထားတယ် ၊ နစက ဘက်က ထိခိုက်သေဆုံး စာရင်းနဲ့ လက်နက်ခဲယမ်း အရေအတွက်ကို ဆက်လက်ဖော်ပြပေးမယ်လို့ ထုတ်ပြန်တာ တွေ့ရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေး အဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက အဲ့ဒီ ရန်ကြီးအောင် တပ်စခန်းနားက မြောက်စည်းနယ်မြေရဲစခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ဒေသတွင် လက်နက်ကိုင််ဖွဲ့က လူ သုံးယောက် ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW