နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၃
SP (VOM)
မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ သံကုန်းကျေးရွာမှာရှိတဲ့ ကုန်စုံဆိုင်တခုမှာ မနေ့ နိုဝင်ဘာ ၂၂ ရက် ၊ ည ၉ နာရီဝန်းကျင်က အရက်ဝိုင်းဖွဲ့သူတွေရော ဆိုင်ပိုင်ရှင်ဖြစ်သူတွေပါ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ပစ်သတ်ခံရတဲ့သူတွေက အမျိုးသား ခြောက်ယောက်နဲ့ အမျိုးသမီးတယောက်ဖြစ်တယ် ၊ သေဆုံးသူတွေက ကိုဗျိုင်းကြီး၊၂၉နှစ် ၊ ကိုပိုင်၃၈ နှစ် ၊ ကိုဝေအောင်၊ ၂၃ နှစ်၊ ကိုနန်းဝင်း ၃၇ နှစ်၊ ကိုဖိုးချစ် ၁၈ နှစ်၊ ဦးချစ်ဟန် ၇၀ နှစ် နဲ့ ဒေါ်ဝင်း ၆၉ နှစ် ဖြစ်တယ်” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး တံတားဦးခရိုင် လုံခြုံရေး အဖွဲ့တဲ့ နီးစပ်သူ တယောက်က ” ပစ်သတ်ခံရတဲ့ လူငယ်တွေက ပန်းရံလုပ်သူတွေဖြစ်တယ် ၊ ညဘက် အလုပ်သိမ်းချိန် အညောင်းပြေ အညာပြေ ဝိုင်းဖွဲ့သောက်စားလေ့ရှိတယ် ၊ သူတို့ ဝိုင်းဖွဲ့သောက်နေတဲ့အချိန် အမည်မသိ (စုံစမ်းဆဲ) လူ ရှစ်ယောက်က ဆိုင်ကယ် လေးစီးနဲ့ ရောက်လာပြီး အရက်ဝိုင်းဖွဲ့သောက်နေတဲ့ လူငယ် ငါးယောက်ကို အရင်ပစ်သတ်တယ် ၊ နောက်ပြီး ကုန်စုံဆိုင် ပိုင်ရှင် ဦးချစ်ဟန်နဲ့ သူမိန်းမ ဒေါ်ဝင်းတို့ နှစ်ယောက်ကို ပစ်သတ်တယ် ၊ အဲ့ဒီ လင်မယား နှစ်ယောက်ရဲ့ အိမ်ထဲက ရွှေထည်ပစ္စည်းနဲ့ ပိုက်ဆံတွေ ပျောက်နေတယ် ၊ လူသတ်သမားတွေက ယူဆောင်သွားတာဖြစ်တယ်လို့ ယူဆရတယ် ၊အရေအတွက်ကတော့ တွက်ချက်စိစစ်နေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။
အဲ့ဒီ လူသတ်လုယက်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ငါးဇွန်မြို့နယ် ၊ ပေါက်စိမ်းကျေးရွာအုပ်စု ၊ ပေါက်စိမ်းကျေးရွာ ၊ မြို့သာ – မြင်းခြံသွားကားလမ်းပေါ်မှာ မြင်းခြံမြို့နယ် ၊ နဘူးအိုင်ကျေးရွာမှာနေပြီး မုန့်တီလုပ်ငန်း လုပ်ကိုင်နေတဲ့ သားအဖ ၂ ယောက်ဟာ လက်နောက်ပြန် ကြိုးတုပ်ပြီး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
ငါးဇွန်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက် မနက် ၄ နာရီဝန်းကျင်က နဘဲပင်ကျေးရွာမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး ကျည်ဆံထိမှန် သေဆုံးသွားပြီး အခြား လူ ၂ ယောက်လည်း ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီအပြင် နတ်ကြီးကျေးရွာမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် ညနေပိုင်းက လက်ဘက်ရည်ဆိုင် ပိုင်ရှင် မိသားစု အသတ်ခံရလို့ ၃ ဦးသေ ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က သားကျင်းကျေးရွား အနီး ငါးဇွန် – ငါးမြားကားလမ်းဘေးမှာ သတ်ဖြတ် စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၄လောင်း တွေ့ခဲ့ရပါတယ် ၊ အဲ့ဒါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကနေ ၂၅ ရက်အထိ ငါးဇွန်မြို့နယ်ထဲမှာ လူ ၁၂ ယောက်ထက်မနည်းသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။
အဲ့ဒီလို လူသတ်မှုတွေ ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ငါးဇွန်မြို့ခံတယောက် ပြောတာက
” ဒီရက်ပိုင်းအတွင်း အပြန်အလှန် သတ်မှုတွေ တိုးလာတယ် ၊ ရွာခံလူတွေ အသတ်ခံရလို့ စစ်ကြောင်းက ရွာကိုဝင်တယ် ၊ စစ်ကြောင်းဝင်တော့ မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီလို အဖမ်းခံရသူ ၆၀ ကျော်ရှိတယ် ၊ အဲ့ဒီ အဖမ်းခံရသူတွေထဲကတချို့လည်း ပြန်လွတ်လာတယ် ၊ တချို့လည်း သတင်းမရတော့ဘူး ၊ အသတ်ခံရသူတွေလည်း ရှိတယ် ၊ ၂၀၂၁ ကနေ စတွက်ရင် ငါန်းဇွန်နယ်မှာ အသတ်ခံရလို့ သေဆုံးသူ တရာကျော်ရှိတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ကနေစလို့ မန္တလေးတိုင်းအတွင်း ပျော်ဘွယ် ၊ဝမ်းတွင်း ၊ မလှိုင် ၊ မြင်းခြံ ၊ တောင်သာ ၊ နွားထိုးကြီး ၊ ငါန်းဇွန် ၊ မန္တလေး ၊မတ္တရာ ၊ စဥ့်ကူး ၊ သပိတ်ကျင်း စတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေးမှုးတွေ ၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ၊ ဒလန်လို့စွပ်စွဲခံရပြီး ပစ်သတ်ခံရလို့ သေဆုံးသူ ၃၀၀ ကျော်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
#vouceofmyanmar #VOM #ငါန်းဇွန် #အသတ်ခံရမှု