မော်လူးမြို့နယ်ခွဲကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထား

 

ဒီဇင်ဘာ ၊ ၁၄ ၊ ၂၀၂၃

SP (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ်နဲ့ အစပ် မော်လူးမြို့နယ်ခွဲကို မနေ့ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းကစလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်တယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က မနက်အစောပိုင်းမှာ မော်လူးရဲစခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝိုင်းထား စတင်တိုက်ခိုက်တယ် ၊ မနက် ၄ နာရီလောက်မှာ ရဲစခန်းကျတယ် ၊ မနက် ၆ နာရီလောက်မှာ ရဲစခန်း မီးရှို့ခံရတယ် ၊ မိုးလင်းတော့ မော်လူးမြို့နယ်ခွဲကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်လိုက်တယ် ၊ နောက်ပြီး ရွှေဘို – မြစ်ကြီးနား ကားလမ်းပိုင်းကို ဖြတ်တောက် ပိတ်ဆို့လိုက်တယ် ၊ နှစ်ဘက် အသေအပျောက်များတယ်လို့ သိရတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ လတ်တလောကြားရတာက ရဲစခန်းနားမှာ ရဲမေတယောက် အပါအဝင် အလောင်း ၁၁ လောင်းတွေ့ရတယ် ၊ တချို့ အလောင်းတွေက မီးလောင်ထားတယ် ၊ မော်လူးမြို့နယ်ခွဲ ဒေသခံတွေက ဘေးလွတ်ရာကို ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ် ” လို့ မော်လူးဒေသခံတယောက်ကပြောပါတယ်။

မော်လူးမြို့နယ်ခွဲ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားတာက အလောင်း ၁၇ လောင်းနဲ့ သေနတ် ၂၂ လက် သိမ်းဆည်းရမိတယ် ၊ အဲ့ဒီအပြင် PDF နှစ်ဦး ထိခိုက်သေဆုံးတယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကသာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မော်လူးဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ ထိခိုက်ကျဆုံးမှု အခြေအနေ မသိရသေးဘူး ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အခုချိန်ထိတော့ နစက သတင်းမှန် ထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာက စစ်ကိုင်းတိုင်းအတွင်း ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တမူးမြို့နယ် ခါမ်းပါတ်မြို့နယ်ခွဲကို နစက ဘက်က ပြန်ရယူ ထိန်းချုပ်ထားနိုင်ပေမယ့် ၊ ဟုမ္မလင်း ခရိုင် ရွှေပြည်အေး မြို့သစ်နဲ့ ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့တို့ကိုတော့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မော်လူးဒေသ အလတ်တလော တွေ့မြင်ရပုံ (ဒေသခံတဦး)

 

Related posts

Leave a Comment

VOM News

FREE
VIEW