သာသနာလိုင်စင်နံပါတ်ပြားတပ်ကားတွေနဲ့ ယာဥ်မတော်တဆမှု

မတ် ၊ ၂၀ ၊ ၂၀၂၄
SP ( VOM)

ဒီရက်ပိုင်းအတွင်း နိုင်ငံတဝှမ်းမှာ ယာဥ်မတော်တဆမှုဖြစ်စဥ်တွေအနက် အချို့ ယာဥ်မတော်တဆမှု ဖြစ်စဥ်တွေမှာ ဘုန်းကြီး(သာသနာ့ယာဥ်)ကားတွေပါတာကို မကြာခဏ ကြားနေတွေ့နေရပါတယ်။ ဒီလိုတွေ ဘာကြောင့် ဖြစ်နေရတာလဲဆိုတာကို သက်ဆိုင်ရာ ဘုန်းကြီးတွေနဲ့ လူပုဂ္ဂိုလ် တချို့ကို VOM က မေးမြန်းထားပါတယ်။

စစ်ကိုင်းတိုင်းမှာ သီတင်းသုံးနေထိုင်တဲ့ သဒ္ဓမ္မဇောတိက ဆရာတော် တပါးက

” ဘုန်းကြီးတွေ မြင်းလှည်း ၊ နွားလည်း မစီးရ ၊ မမောင်းရဘူးဆိုတာ ဝိနည်းအရ ပြဌာန်းထားတာရှိတယ် ၊ အကြောင်းကတော့ တိရစ္ဆာန်ကို ညှင်းပန်းနှိပ်စက်ရာရောက်စေတဲ့အတွက် မဖြစ်ဖို့ ပြဌာန်းတာဖြစ်တယ် ၊ စက်တပ်ယာဥ်တွေကို သံဃနာယအဖွဲ့က ကိုယ်တိုင် မမောင်းကြဖို့ ထုတ်ပြန်ထားတာတော့ရှိတယ် ၊ ဝိနည်းအရတော့မဟုတ်ဘူး ၊ သိက္ခာအရတော့ စက်ယာဥ်ဖြစ်တဲ့ ဆိုင်ကယ်ထက် ကားကို စီးဖို့ သင့်တော်တယ် ၊စီးဖို့ ပြောတာ ၊ မောင်းဖို့မပါဘူး ၊ ဒါပေမယ့် အခု ဖြစ်နေတာက ဘုန်းကြီး ကျောင်းတွေမှာ အလှူရှင်တွေကြောင့် ကားရှိလာတယ် ၊ ကားမောင်းပေးမယ့် ဒကာက အခက်အခဲရှိတယ် ၊ တခါတရံ လိုအပ်ချက်အရ ကားမောင်းပေး​မယ့် ဒကာရှိပေမယ့် ၊ အမြဲမောင်းပို့ပေးမယ့် ဒကာရယ်လို့ သတ်သတ်မှတ်မှတ်မရှိဘူး ၊ ဘုန်းကြီးဆိုတာ သာရေး ၊ နာရေး ပင့်ဖိတ်တဲ့အခါ အချိန်နာရီနဲ့ ပင့်ဖိတ်တာမျိုးဖြစ်တယ် ၊ အချိန်မီကြွဖို့ဆိုရင် ကားမောင်းပေးမယ့် ဒကာရှာရတယ် ၊ ဒါပေမယ့် တရွာကို ကားမောင်းတတ်သူက လူနည်းစုဖြစ်တယ် ၊ ကားမောင်းတတ်သူတိုင်း အများစုက ကားမောင်းပို့ပေးဖို့ ဒကာတွေမှာ အချိန်မရှိကြဘူး ၊ ရွာထဲရပ်ထဲမှာ ကားမောင်းပို့ပေးဖို့ ဒကာရှာရင်လည်း ကိုယ့်အလုပ်နဲ့ကိုယ် ၊ စားဝတ်နေရေးအတွက် အလုပ် လုပ်နေရသူတွေများတယ် ၊ ဘုန်းကြီးတို့အနေနဲ့ကလည်း အခကြေးငွေ ပေးပြီး ယာဥ်မောင်း ငှားရမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ အဲ့ဒါကြောင့် သွားလိုရာခရီးကို ကြုံသလို ယာဥ်မောင်း ဒကာဖြစ်သူနဲ့ ကြွနေရတယ် ၊ ကားမောင်းတတ်တိုင်း ယာဥ်မောင်းသင်တန်းဆင်းပြီးသူက ရှားတယ် ၊ အဲဒီလို ဒကာတောင် ရှာဖို့ ခက်ခဲနေတာကြောင့် ဘုန်းကြီးတွေက မဖြစ်မနေ မလွဲသာလို့ ကိုယ်တိုင်မောင်းနှင်းသွားနေတာဖြစ်တယ် ၊ အခုခေတ်မှာက ဆရာ ဒကာ ဆိုတာ မရှိသလောက်ဖြစ်နေတော့ ဘုန်းကြီးတွေက ယာဥ်မောင်းနေရတာ ဖြစ်နိုင်တယ် ” လို့ မိန့်ပါတယ်။

ကိုယ်ပိုင်ကားမောင်းသူတယောက် ပြောပြတာကတော့
” ကျနော်တော့ သာသနာ့အလံနဲ့ နံပါတ်အဝါမြင်ရင် ဝေးဝေးကရှောင်တယ်။ တခါတလေ ဘုန်းကြီးကိုယ်တိုင်မောင်းတာတွေ့ရသလို တချို့က မမောင်းတတ်ပဲ ဂွေကိုင်တတ်တာနဲ့ တက်မောင်းပြီး ယာဥ်စည်းကမ်း လမ်းစည်းကမ်း မသိသူများလို့ ရှောင်ရတယ်။ ”

နေပြည်တော် ယာဥ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီ တာဝန်ရှိသူတယောက်က

” ၂၀၁၅ မော်တော်ယာဥ် ဥပဒေနဲ့ ပတ်သက်ပြီး ပြဌာန်းထားတဲ့ ဥပဒေက အားလုံး တန်းတူညီတူ ပြဌာန်းထားတယ် ၊ ဘုန်းကြီး (သာသ နာ့ဝန်ထမ်း)သော ၊ ဝန်ထမ်းသော ၊ လူပုဂ္ဂိုလ်သော ခွဲခြားပြီး ပြဌာန်းပေးထားတာမရှိဘူး ၊ ယာဥ်မတော်တဆမှု ဖြစ်ခဲ့ရင် အားလုံးကတော့ ဥပဒေပါ ပြဌာန်းချက်အတိုင်း ခံယူရတယ် ၊ အဲ့ဒါကြောင့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ယာဥ်မောင်းတတ်ရမယ် ၊ ယာဥ်မောင်းသူတိုင်း ကညန ကပို့ချပေးတဲ့ ယာဥ်မောင်းသင်တန်း အောင်မြင်စွာ တက်ရောက်ပြီးသူဖြစ်ရမယ် ၊ ယာဥ်မောင်း လိုင်စင်ရှိရပါ့မယ် ၊ တခါတရံ ယာဥ်/ လမ်း ကြီးကြပ်ရေးအဖွဲ့က ကုသိုလ်ဖြစ် လျော့ပေါ့ စစ်ဆေးတာမျိုးတွေ ရှိနေနိုင်တာကြောင့် သာသနာ့ဝင် ယာဥ်နံပါတ်ကားတွေက အထူးအခွင့်အရေးမျိုး ရယူလာတယ်လို့ မှတ်ယူမိတယ် ၊ ယာဥ်မတော်တဆမှုဖြစ်လာရင်တော့ အားလုံးတန်တူ ဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူရတယ် ၊ အခုတလော ယာဥ်မတော်တဆ ဖြစ်စဥ်တွေမှာ သာသနာ့ဝင် ယာဥ်နံပါတ်တွေ ပါလာတာက ဘုရားဖူးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတယ် ၊ ထူးခြားဖြစ်စဥ် တရပ်တော့ မဟုတ်ဘူး ” လို့ ပြောပါတယ်။

မနေ့ မတ် ၁၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်က မွန်ပြည်နယ် ၊ သထုံမြို့ ၊ သထုံ – ရန်ကုန် ကားလမ်းအထွက် ၊ မြေနီကုန်း မိုးမခ ဆိုင်နားမှာ သာသနာ့ဝင် ယာဥ်တစီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ရာ ၊ အဲ့ဒီ ယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ ဘုန်းကြီး နှစ်ပါး ၊ ကိုရင် သုံးပါး ၊ အမျိုးသား တယောက် ၊ အမျိုးသမီး တယောက်နဲ့ ကလေးတယောက် စုစုပေါင်း ပြင်းထန် ဒဏ်ရာတွေရတာကြောင့် အကြင်နာတွဲလက် လူမှုကူညီရေးအဖွဲ့က အဲ့ဒီ လူနာတွေကို သထုံပြည်သူ့ဆေးရုံကို ပို့ဆောင်ကူညီပေးရတယ်လို့ သိရပါတယ်။

ပြီးတဲ့ရက်ပိုင်းကပဲ ပဲခူးတိုင်းထဲမှာ သင်္ကန်းဝတ်ထားသူကိုယ်တိုင်မောင်းလို့ ယာဥ်တိုက်တာ နှစ်ကြိမ်သုံးကြိမ်မက တွေ့ရှိနေရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းက မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့ကနေ မလှိုင်မြို့ဘက်အထွက် တိုးလ်ဂိတ်နားမှာ ဘုန်းကြီးကိုယ်တိုင်မောင်းလာတဲ့ သာသနာဝင်ကားနဲ့ ဆိုင်ကယ် တိုက်မိရာက ဆိုင်ကယ်စီးလာတဲ့သူ နှစ်ယောက်သေဆုံးသွားတယ်လို့ မိတ္ထီလာ ဝန်းဇင်း လူမှုကူညီအဖွဲ့ဆီက သိရပါတယ်။

ဒီနှစ် ပြီးခဲ့တဲ့ ဇန္နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၉ ရက်အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယာဥ်မတော်တဆမှု ဖြစ်စဥ် ၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီ ဖြစ်စဥ်တွေထဲမှာ သာသနာလိုင်စင် ကားအမျိုးအစား ရှစ်စီးပါဝင်ပြီး ၊ ယာဥ်မတော်တဆမှုဖြစ်စဥ်တွေကြောင့် ခရီးသွားပြည်သူ ၂၇ ယောက်ထက်မနည်း သေဆုံးကာ ၊ လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ၊ မိတ္ထီလာ မလှိုင်လမ်း ယာဥ်တိုက်မှုဖြစ်စဥ် ၊ ဝန်ဇင်း လူမှုကူညီရေး အသင်း မိတ္ထီလာ

Related posts

Leave a Comment

VOM News

FREE
VIEW