ဆူးငှက်
တကယ်တော့ သင်္ကြန်ဟူသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ပွဲတော်ကြီးဖြစ်သည်။ အယုတ်အလတ် အမြတ်မရွေးအတန်းအစား မခွဲတစ်သားတည်း ပျော်ပါး လွတ်လပ်စွာ ဆင်နွှဲခဲ့ကြသည့် ပွဲတော်ဖြစ်သည်။ ထို့ကြောင့် ၁၉၅၂ခုနှစ်တွင် ကျင်းပသော ပြည်ထောင်စု သင်္ကြန်တွင် ပါဝင်ဆင်နွှဲ ကြရာ၌ တပ်မတော်သားပါသည်။ တက္ကသိုလ် ကျောင်းသား ပါသည်။ ရုံးသူရုံးသား ပါသည်။ ကျောင်းသူကျောင်းသား ပါသည်။ ဈေးသူဈေးသားပါသည်။ ဆေးလိပ်သမ ပါသည်။ မော်တော်ကား ဒရိုင်ဘာပါသည်။ ပါဝင် ဆင်နွှဲသည် ဆိုသည်ကလည်း ရေပက်ရုံ၊ ရေပက်ခံရုံမျှ မဟုတ်၊ အနုပညာကို ထုတ်ဖော် ကွန့်မြူးကာ အားလုံးကိုယ်စီ သီချင်းရေးစပ်၊ သီချင်းသီဆို၊ ကိုယ်တိုင် ပါဝင် တီးမှုတ် ကခုန်ကြခြင်း ဖြစ်ပါ၏။
ဂီတ သုခုမ ပညာရှင်များကလည်း ကိုယ့်အနုပညာကို အများနှင့်မတူ ထုတ်ဖော်ကြသည်။ ပန်းချီပန်းပု ပညာရှင်များကလည်း ကိုယ့်စိတ်ကူး စိတ်သန်းဖြင့် သင်္ကြန်ကို အလှဆင်ကြသည်။ ရှေးဟောင်းသုတေသန ပန်းချီဆရာ ဦးအုန်းမောင်က မြန်မာ့ရိုးရာ ရုပ်လုံးပညာဖြင့် ဟင်္သာရုပ်ကြီး ချိုးကာ ပန်းကနုတ် အပြင်အဆင်များဖြင့် “မဟာနွယ်” အလှပြယာဉ်ကို ပြင်ဆင်ပေးသည်။ ပန်းချီဆရာကြီး ဦးဘသက်က ခေတ်သစ်နှင့်ရိုးရာ အချိုးညီ ပေါင်းစည်းသည့် အပြင်အဆင်ဖြင့် “ထီလာမောင်”အလှပြယာဉ်ကို ဖန်တီးပေးသည်။ ပန်းချီဆရာကြီး ဦးလှပေါ်က ပြင်ဦးလွင်-မန်္တလေးပြေး MMTA မော်တော်ယာဉ် အသင်းအတွက် ကြီးမားလှပသော ဟင်္သာရုပ်လုံးကြီးကိုပင် ချိုးပေးခဲ့သည်။
“ထီလာရေသဘင်” က ကရဝိက်ရုပ်လုံးကြီး၊ “ဘုရင့်မောင်” က ရှင်ဘုရင်ရုပ်လုံး၊ ရွှေမန်းမောင်က “ချိုးဖြူရုပ်”၊ ခင်တို့မောင်က “ကြိုးကြာ”၊ ကြယ်နီရောင်က ငါးမြှောင့်ကြယ်ကြီးနှင့် ဥဒေါင်းနှစ်ကောင်၊ တက္ကသိုလ်မောင်၊ ချစ်သွေးညီနှင့်နေပြည်တော်ကလည်း “ဥဒေါင်းရုပ်ကြီး” များ …။
ခြင်္သေ့ရုပ်လုံးကြီးများဖြင့် ပြင်ဆင်ထားသော အသင်းများက မန်္တလေး ဗဟိုအမျိုးသားကျောင်းမှ “ကျောင်းတော် ဗဟို” ၊ “ပျိုတို့မောင်” နှင့် “ဈေးချိုမောင်” တို့ဖြစ်သည်။ ရွှေနန်းတော်က “ငွေခရု”၊ ရွှေစင်မောင်က “တိုက်သင်္ဘော”၊ ပုလဲမောင်က “ငါးရုပ်”၊နန်းမြင့်မောင်က “ကျုံးမြို့ရိုး နှင့်နန်းမြင့်”၊ ”နန်းရှေ့မောင်” က အမြောက် ၄ လက်နှင့် “တိုက် သင်္ဘော”၊ “ပြည်ထောင်စု နန်းရှေ့လှေတော်ယာဉ်” က ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် လှေကြီး…။ ဥတ္တရတိုင်း စစ်ဌာန ချုပ်က “ကျားခေါင်းကြီး” ..တို့ဖြင့်ပြင်ဆင်ကာနွှဲပျော်ကြသည်။
ပြည်ထောင်စုသင်္ကြန်တွင် ယင်းသို့ အလှပြယာဉ် အသင်းပေါင်း (၄၀)ကျော်နှင့် အမျိုးသမီး ရေသဘင်အဖွဲ့(၅၀)ကျော်တို့ ပါဝင်ကာ သီဆိုကခုန်ကြခြင်း ဖြစ်သည်။
ထိုနှစ်က ပိုမိုထူးခြားမှု တစ်ခုမှာ ၂၅ နှစ်မျှ မြို့မနှင့် မခွဲမခွာ ဦးဆောင်ခဲ့သော ဆရာမြို့မငြိမ်းသည် ပြည်ထောင်စုသင်္ကြန်နှစ်၌ အမရပူရ-မန္တလေး AMBA မော်တော်ယာဉ်အသင်း၏ စောင်းကောက် အလှပြယာဉ်ကို ဦးဆောင်ကာ ထူးခြားသောဂီတ အစီအစဉ်တစ်ခု ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဂီတဟူ၍ နကန်းတစ်လုံးမျှပင် မသိသော ဘတ်စ်ကား ဒရိုင်ဘာ စပယ်ယာများကမြန်မာဖြစ် ဝါးပုလွေများ၊ မန်ကျည်းစေ့ထည့် ဘူးသီးခြောက်များ၊ ရာဘာပြားကျက် ရေစည်ပိုင်း များဖြင့် တူရိယာအသင်း ပုံစံတီထွင်ခြင်း ဖြစ်သည်။ သံစဉ်များအလိုက် အုပ်စုဖွဲ့ လေ့ကျင့် တီးခတ်စေခြင်းဖြင့် ထူးခြားသော ဂီတဖွဲ့စည်းမှုကို ဖြစ်စေခဲ့သည်။သီဆို တီးမှုတ်သော သီချင်းများကလည်း ဥရောပစည်းဝါး အသွားများ ဖြစ်၏။
““ခါတော်မီ သိင်္ဂီ ရွှေပန်း ပိတောက်တို့သာ။
မှည့်ဝင်းကာ နေလိမ့်မယ်၊ ထင်မိတာတွေ။
ဝန်ခံပါပြီ၊ ခုတော့ဖြင့် တခြားစီနေ….။
မာလာစုံ အမည်မှည့်နိုင်ပေ ….
ပြာသိုမှာ ခွာညိုဟာ ပွင့်ခဲ့ပေါ့လေ …
ခုတန်ခူးလည်း သူလည်းပါ စွာလိုက်ပုံတွေ
အို … အလိုဗျာ၊ သင်္ကြန်မယ်တွေ၊ ပန်းမှတ်ထင်နေ
လူလည်ဆို အ ဦးကွဲ့လေ …
ရွှေသဇင်တွေ ..၊ ဟိုမှာ နှင်းဆီတို့တစ်တွေ
လှဦးတော့ သရဖီလေးနှင့် စံပယ်လည်းပါပေ
AMBA ငေးမိပေါ့ ကျက်သရေ
အို … အစုလိုက် ယဉ်မျာ့ခေါင်တွေ။””
မြို့လယ်ခေါင်ရှိ နာမည်ကျော် “ဝင်းလိုက်မယ်” အမျိုးသမီး ရေသဘင်အဖွဲ့တွင်လည်း ဥရောပဆန်ဆန် ချောသည့်သင်္ကြန်မယ်တစ်ဦး က အလွန်နာမည်ကြီးသည်။ သင်္ကြန်ပျိုဖြူ “ရတနာနတ်မယ်” ၏ ဥရောပဆန်သော အလှ၊ ဥရောပ ဆန်သောအကများနှင့် ဆရာမြို့မငြိမ်း၏ AMBA စောင်းကောက် အလှပြယာဉ်မှ ထူးခြားသော ဥရောပဟန် တေးသွားများသည် အလွန်လိုက်ဖက်လှ၏။ ဝင်းလိုက်မယ်နှင့် စောင်းကောက်အဖွဲ့ တွေ့ဆုံမှုတိုင်းသည် ပရိသတ် ကျိတ်ကျိတ်တိုးမျှ သြဘာသံမစဲ အုတ်သြော်သောင်းနင်း အားပေးခံရသည့် ယှဉ်ပြိုင်မှုများ ဖြစ်သည်။
ထိုနှစ်က နာမည်ကြီးခဲ့သော ဆရာမြို့မငြိမ်း၏ သီချင်းများကို သိမီခဲ့သူတိုင်းက ယခုအထိ တသသ …။ ဒါပေမယ့် အခုထိ ပြန်၍ မကြားရ။
ဆူးငှက်