ပြီးခဲ့တဲ့ ငါးလအတွင်း YBS ယာဥ်မှု နှစ်သောင်းခွဲနီးပါး အရေးယူ

 

မေ ၊ ၁၉ ၊ ၂၀၂၄
TT(VOM)

ရန်ကုန်တိုင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဥ်တွေနဲ့ ပတ်သက်ပြီး ၊ ပြီးခဲ့တဲ့ ငါးလအတွင်းမှာ ယာဥ်နဲ့ ယာဥ်လုပ်သားတွေကို အရေးယူမှု နှစ်သောင်းခွဲနီးပါးရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) အသိုင်းအဝိုင်းဆီက သိရပါတယ်။

ကြီးကြပ်သူတယောက်က ” ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၊ အခု မေ ၁၅ ရက်အထိ ငါးလအတွင်း အရေးယူမှုတွေ လုပ်တာဖြစ်တယ်။ တိုင်ကြားမှု (၃၀၁) မှု၊ Facebook အမှု (၃) မှု ၊မီးနီဖြတ်မောင်းမှု(၁၄၃)မှု ၊သတ်မှတ်ကီလိုမီတာအထက်ကျော်လွန်မောင်းနှင်မှု(၄၅၃)မှု၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု(၁၄၀)မှု၊ မဆင်မခြင်မောင်းနှင်မှု (၉၁)မှု၊ အခြားအမှု(၉၉)မှု၊ ရပ်နားချိန်ကြာမြင့်မှု (၃၅)မှု ၊ ယာဥ်တစ်စီးနဲ့ တစ်စီးယှဥ်ပြိုင်ကျော်တက်မောင်းနှင်မှု (၂၀၉) ၊မချေမငံပြောဆိုဆက်ဆံမှု(၁)၊စုစုပေါင်းအမှု(၂၃၈၉၂) နှစ်သောင်း ၊ သုံးထောင့် ၊ ရှစ်ရာ ၊ ကိုးဆယ် နှစ်မှုရှိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီလို အရေးယူခံရသူတွေဟာ ကျူးလွန်မှု အမျိုးအစားလိုက် အနိမ့်ဆုံး ပြစ်ဒဏ်အနေနဲ့ ဒီဇယ်ဆီ ထုတ်ယူခွင့် လိုင်စင် ပိတ်သိမ်းတာ ၊ CNG ထုတ်ယူခွင့် သုံးလ ပိတ်သိမ်းတာနဲ့ ယာဥ်မဆင်မခြင် မောင်းနှင်တာနဲ့ ပတ်သက်ပြီးတော့လည်း ဒဏ်ငွေတသောင်းကျပ် အပြင် ၊ ယာဥ်မောင်း လိုင်စင် တလပိတ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက် ၊ ညပိုင်းက
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ၊ ဘိုခြံမှတ်တိုင်အနီး ၊ တညင်းကုန်းလမ်းဘက်ကနေ အင်းစိန်ဘက်လာရာ လမ်းကြောင်းမှာ YBS 131 ယာဉ်က လမ်းကူးသူ အမျိုးသမီးနှစ်ယောက်ကို တက်ကြိတ်မိခဲ့လို့ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ရွှေမေတ္တာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

ရန်ကုန်မှာေနကြတဲ့လူထုဟာ YBS ကို အဓိက အားထားနေရပြီး တခြားရွေးချယ်စရာမရှိသူတွေအဖို့ YBS ကပေးတဲ့ ဒုက္ခတွေကို နေ့စဥ်ခံနေကြရဆဲဖြစ်ပါတယ်လို့ ဆိုကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW