ဝိုင်းမော်ခတ်ချိုရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ၆ ယောက်သေဆုံးပြီး ၁၁ ယောက် ထိခိုက် ဒဏ်ရာရ

မေ ၂၀၊ ၂၀၂၄
Shy V(VOM)
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ခတ်ချိုရွာမှာ မေလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက် ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“၆ ယောက် သေဆုံး ပြီး ၁၁ ယောက် ထိခိုက် ဒဏ်ရာရတာက ခတ်ချိုမှာ ဖြစ်တာ။ မိသားစု တစု ထဲကပဲ ၆ ယောက် သေဆုံးသွားတယ်။ လက်နက်ကြီးထိလို့လေ။ အဲမှာ လက်ကျိုးသူကကျိုး၊ ခြေကျိုးသူကကျိုး ဖြစ်ကုန်တာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
သေဆုံးတဲ့ ၆ ယောက်မှာက အသက်ငယ်တဲ့ သူ နှစ်ယောက်၊ အမျိုးသား တယောက်၊ အမျိုးသမီးကြီး တယောက်၊ မိန်းကလေး တယောက်၊ အိမ်ထောင်သည် အမျိုးသမီး တယောက် ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။
“ဝိုင်းမော် ခတ်ချိုရွာမှာ လက်နက်ကြီး ကျလို့ ပြည်သူ ၆ ယောက် သေဆုံး ၁၁ ဦး ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ၁၁ ယောက်ထဲက ၅ ယောက်က ဒဏ်ရာ ပြင်းထန်ပြီးတော့ ကျန်တဲ့ ၆ ယောက်က ဒဏ်ရာ မပြင်းဘူး။ ဒီနေ့ နေ့လယ် ၁၁ နာရီနဲ့ ၁၂ နာရီ ကြားလောက်မှာ ဖြစ်တာ။ မြစ်ကြီးနားဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး အဲဒီမှာ လာကျတာ။” လို့ နောက်ထပ် ဒေသခံ တယောက် ကပြောပါတယ်။
မေလ ၁၉ ရက်ညက စပြီး ဝိုင်းမော်ဘက်ကို လက်နက်ကြီးတွေ ဆက်တိုက် ပစ်ထည့် နေတာလို့ သူက ပြောပါတယ်။
ဒါ့အပြင် ယမန်နေ့ည ၉ နာရီ ဝန်းကျင်ခန့်ကလည်း ဝိုင်းမော်မြို့နယ် ဝူယန်ရွာ ရပ်ကွက် ၂ မှာ လက်နက်ကြီး ကျကွဲလို့ အားဖူ ဆိုတဲ့ လီဆူအမျိုးသား တယောက် ထိခိုက် ဒဏ်ရာရရှိကာ လက်ရှိ ဝိုင်းမော် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
ကေအိုင်အေနဲ့ နစကတပ်တွေတိုက်ပွဲ ပြင်းထန်လာတာကြောင့် မေလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းခန့်ကစ ခတ်ချိုလှေဆိပ်ကို ပိတ်ထားလိုက် ပြီဖြစ်တာကြောင့် ခတ်ချို၊ စန်းကား၊ နောင်ဟီး ရွာက ဒေသခံတွေ အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ရာဘက်မှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူ တွေကိုလည်း ဒီနေ့မှာ ကူညီ ကယ်ဆယ်ရေးလုပ်‌နေတဲ့ သူတွေက ကယ်ထုတ် ခေါ်ဆောင်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဝိုင်းမော်မြို့နယ်က နေရာတချို့မှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကနေ လက်ရှိအချိန်ထိ နစကတပ်နဲ့ KIA ပူးပေါင်း အဖွဲ့ တို့အကြား တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW