ကရင်ပြည်နယ်မှာ ရေဘေးသင့်သူတွေအတွက် ကယ်ဆယ်ရေးစခန်း၆၀လောက်အထိဖွင့်ထားရ၊မြဝတီလမ်းပြတ်တောက်နေ

 

ဇူလိုင် ၃၁ – ၂၀၂၄
GG (VOM)

ကရင်ပြည်နယ်မှာ ရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူ အများအပြားရှိတာကြောင့် ကယ်ဆယ်ရေးစခန်း ၆၀ နီးပါးဖွင့်ကာ ကူညီနေရဆဲဖြစ်တယ်လို့သိရပါတယ်။

ပြည်နယ်တွင်း ရေကြီးနစ်မြုပ် မှုကြောင့် ရေနစ်သေဆုံးသူလည်း သုံးယောက်အထိရှိနေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးတွေလည်းပျက်စီးနေတဲ့အတွက် မြဝတီကို သွားလာမရတဲ့အခြေအနေတွေဖြစ်နေတယ်လို့သိရပါတယ်။

္” လမ်းပိုင်းတွေကပျက်စီးနေတော့မြဝတီကို မလွယ်တော့ဘူး။ဘယ်လမ်းကမှမလွယ်တော့တာ။မိုးကလည်းများတယ် မြစ်ရေတွေကလည်းတက်တော့ သွားလာရေးအတော်ကိုခက်ခဲသွားတဲ့အခြေအနေပါ။မြဝတီဆိုရင်အခုထိ နူန်းတွေအမှိုက်တွေ မရှင်းနိုင်သေးတာအများကြီးပဲ။သောင်ရင်းမြစ်ရေခုထပ်တိုးပေမယ့် ရေတက်တော့နှေးပါတယ် ။ ” လို့ မြဝတီဒေသခံကပြောပါတယ်။

ကရင်ပြည်နယ်ထဲမှာ ရေကြီးရေလျှံမှုကြောင့် လမ်းပိုင်းတွေပျက်စီးခဲ့သလို တံတားအချို့လည်းရေတိုက်စားပျက်စီးမှုတွေရှိခဲ့သလို စာသင်ကျောင်း တွေလည်းယာယီပိတ်ထားရတာရှိတယ်လို့သိရပါတယ်။

ကရင်ပြည်နယ် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် ဘားအံ၊ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ကမမောင်း၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ ရေကြီးနစ်မြုပ်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးစခန်းပေါင်း ၅၇ ခု ဖွင့်လှစ်ကာ ရေဘေးသင့်တဲ့ အိမ်ထောင်စုပေါင်း ၆၃၉၉ စုကို ပြောင်းရွှေ့နေရာချထားပေးပြီး အစားအသောက်၊သောက်ရေသန့်နဲ့လိုအပ်တာတွေကူညီနေရတာဖြစ်ပါတယ်။

လက်ရှိအထိ ဘားအံမြို့မှာ သံလွင်မြစ်ရေကအနည်းငယ်သာကျဆင်းပြီး စိုးရိမ်ရေမှတ်ထက် ၄ ပေခွဲကျော်လွန်နေဆဲဖြစ်သလို သောင်ရင်းမြစ်ရေကလည်း မြဝတီမြို့စိုးရိမ်ရေမှတ်ထက် ၁ ပေကျော်လွန်နေပြီး နောက်ထပ် ၁ ပေခွဲလောက်ထပ်ပြီးမြင့်တက်လာနိုင်သေးတယ်လို့ မိုး/ဇလဘက်ကအသိပေးထားပါတယ်။

” ဘားအံက ေရပြန်ကျတယ်ဆိုပေမယ့်စိုးရိမ်ရေမှတ်ထက်ကျော်တုန်းပဲ။ကားလမ်းတွေတော့ပြန်ကျလို့သွားနိုင်တာရှိပေမယ့် အိမ်တွေကတော့ ရေဝင်နေတုန်းပဲ။ရေဘေးရှောင်တွေနေရပ်မပြန်နိုင်သေးဘူး။ ” လို့ ဒေသခံကပြောပါတယ်။

လက်ရှိအထိ ကရင်ပြည်နယ်ထဲကအနိမ့်ပိုင်းရွာတွေနဲ့ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်မှုတွေရှိနေသေးတာကြောင့် ကယ်ဆယ်ရေးစခန်းကပြည်သူတွေအပါအဝင် နေအိမ်မှာကျန်ရှိနေတဲ့ရေဘေးသင့်သူတွေအတွက် အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #vom #ကရင်ပြည်နယ် # #ရေကြီး #လူသေဆုံးမှုရှိ #ကျောင်းတွေပိတ် #လမ်းတွေပျက်

Related posts

Leave a Comment

VOM News

FREE
VIEW