ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ခံရမှုကြောင့် ရခိုင်ပြည်နယ်မှာ ART ဆေး လုံးဝ ပြတ်လပ်နေ

 

ဩဂုတ် ၉ – ၂၀၂၄
SN (VOM)

ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ခံရမှုကြောင့် ရခိုင်ဒေသမှာ HIV ပိုးထိန်းဆေး (ART) ဆေးတွေ လုံးဝပြတ်လပ်နေပြီး ရောဂါပိုးရှိသူတွေ အခက်ကြုံနေရလို့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ခုခံအားကျဆင်းမှုရောဂါ (Human Immunodeficiency Virus – HIV) ပိုး ကူးစက်ခံရသူတွေဟာ ဝေဒနာကို HIV ပိုးထိန်းဆေး (Antiretroviral Therapy – ART) တွေနဲ့ ထိန်းထားနိုင်တာဖြစ်ပြီး လက်ရှိ ရခိုင်ပြည်မှာ ကုန်းလမ်းနဲ့ ရေလမ်းတွေ ပိတ်ဆို့ထားကာ ဆေးဝါးတင်သွင်းခွင့်ကိုပါ မရရှိအတွက် ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။

“တီဘီနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ၊ HIV နဲ့ ပတ်သက်တဲ့ ဆေးဝါးဆေးတွေက တခြားဆေးတွေလို အလွယ်တကူဝယ်လို့မရဘူး။ ဈေးနှုန်းအားဖြင့်လည်း အတိုင်းအတာတခုထိ ဈေးကြီးတာမျိုးရှိတယ်။ အရင်တုန်းကတော့ ဒီ ART ဆေးတွေက အခမဲ့နဲ့ လွယ်လွယ်ကူကူ ရခဲ့တဲ့ ဆေးဝါးတွေပါ။ အခုကျ အခမဲ့ရဖို့မပြောနဲ့ ဝယ်ရတာတောင် ခက်ခဲလာတယ်။ တိုက်ပွဲဒေသတွေက စစ်ဆေးရေးဂိတ်တွေမှာ သိမ်းဆည်းခံရတာမျိုးတွေလည်း ကြုံနေရတော့ ဒီဆေးရဖို့က ခုအချိန်မှာ အရမ်းကို ခက်ခဲသွားပြီ” လို့ HIV လူနာတွေကို ဆေးကုသမှုတွေပေးနေတဲ့ ဆရာဝန်တယောက်က ပြောပါတယ်။

အဲ့ဒီ ပိုးထိန်းဆေးကို အရင်က ကျန်းမာရေးဌာနမှာဖြစ်စေ၊ ဆေးဆိုင်တွေမှာဖြစ်စေ ဝယ်ယူသုံးစွဲလို့ ရခဲ့ပေမယ့် လက်ရှိမှာတော့ ပိတ်ဆို့မှုတွေကြောင့် ဆေး လုံးဝ ပြတ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

HIV/AIDS ခုခံအားကျဆင်းမှု ကူးစက်ရောဂါဟာ ART ဆေးပုံမှန်သောက်သုံးတဲ့ တချိန်တည်းမှာပဲ ဆေးကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အသည်းနဲ့ ကျောက်ကပ်ရောဂါတွေအတွက်ပါ ဆေးစစ်မှုတွေ ပုံမှန်လုပ်ဆောင်ရတယ်လို့ သိရပါတယ်။

“HIV ပိုးရှိသူတွေက သွေး၊ ပိုးကောင်ရေ၊ အသည်း၊ ကျောက်ကပ်၊ အဆုတ် စတာတွေကို ခြောက်လတကြိမ် စစ်ဆေးပေးရတယ်။ ဒါပေမယ့် အခုကတော့ စစ်လို့အဆင်‌မပြေတော့ဘူး။ ဆေးရုံ၊ ဆေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းလည်း မလုံလောက်ဘူးလေ။ ART ဆေးလည်း မသောက်ရတော့တဲ့အတွက် ညဘက် အိပ်မပျော်တာတွေ၊ အစား စားလို့မကောင်းတော့တာတွေ ဖြစ်လာတယ်” လို့ ရခိုင်ပြည်နယ်မှ HIV ဝေဒနာရှင်တယောက်က ပြောပါတယ်။

ART ဆိုတာ HIV ပိုးကို ထိန်းတဲ့ဆေးတမျိုးဖြစ်ပြီး
ပိုးကောင်ရေ မများလာဖို့၊ မပျံ့ပွားဖို့အပြင် ရှိနေတဲ့ကိုယ်ခံအားတွေကို ပိုးကမဖျက်ဆီးနိုင်အောင် ကာကွယ်ပေးပြီး ဒီဆေးကို တသက်စာလုံး သောက်သွားရမှာဖြစ်တဲ့အတွက် ဆေးပြတ်လပ်တာမျိုးဆိုရင်တော့ အသက်အန္တရာယ်ရှိနိုင်တယ်လို့ ဒေသခံဆရာဝန်ဆီက သိရပါတယ်။

ဒါအပြင် မွန်ပြည်နယ်မှာလည်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးချိန်ကစလို့ ATR ဆေးဝါး မလုံလောက်တဲ့ ပြဿနာကြောင့် သုံးနှစ်ကျော်ကာလအတွင်း ပိုးကူးစက်မှုနှုန်း သိသိသာသာမြင့်တက်လာတယ်လို့ သိရပါတယ်။

ပြည်နယ် ပြည်သူ့ကျန်မားရေးနဲ့ ကုသရေးဦးဌာနရဲ့ ၂၀၂၀ ခုနှစ်တုန်းက အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ATR ဆေး သောက်သုံးနေရတဲ့ ဝေဒနာရှင်ပေါင်း ၅၀၀၀ ကျော် ရှိနေတယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ တိုက်ပွဲ အခြေအနေတွေအရ ရောဂါပိုး ကူးစက်သူအရေအတွက်ကို စာရင်း အတိအကျ ကောက်ယူဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

ဒါအပြင် တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်၊ ချင်း၊ ကယားနဲ့ စစ်ကိုင်းတိုင်းလို နေရာတွေမှာဆိုရင်လည်း လုံခြုံရေး အပါအဝင် သွားလာရေးအခက်အခဲတွေကြောင့် HIV/AIDS ဝေဒနာရှင်တွေဟာ ပုံမှန် ဆေးယူဖို့နဲ့ သွေးစစ်ဖို့တောင် မဖြစ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

နိုင်ငံရေး အပြောင်းအလဲဖြစ်ခဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ HIV ပိုးကူးစက် ဖြစ်ပွားနှုန်းက ၁၇ ရာခိုင်နှုန်းကနေ ၂၇ ရာခိုင်နှုန်း အထိမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ၄၀ ရာခိုင်နှုန်းအထိ ကူးစက်နှုန်း မြင့်တက်နေနိုင်တယ်လို့ ပြောဆိုထားတဲ့အပြင် ပဋိပက္ခဒေသတွေက လူအယောက် ၁၀၀ မှာ အယောက် ၄၀ ကျော်က ART ဆေးပြတ်လပ်မှုကို ကြုံနေရနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံနေရသူပေါင်း နှစ်သိန်းရှစ်သောင်းခန့်ရှိပြီး ၂၀၂၂ ခုနှစ်မှာ အသစ်ကူးစက်ခံရသူပေါင်း တသောင်းတထောင်လောက်နဲ့ AIDS ရောဂါနဲ့ ဆက်နွယ်သေဆုံးသူပေါင်း ၆၄၀၀ လောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂ UNAIDS အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်ထုတ် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

#voiceofmyanmar #VOM #ကုန်သွယ်ရေးလမ်းကြောင်း #ပိတ်ဆို့ခံရမှု #ရခိုင်ပြည်နယ် #ARTဆေး #လုံးဝ #ပြတ်လပ်

Related posts

Leave a Comment

VOM News

FREE
VIEW