ဆန်ရည်ညွှန်စျေး သတ်မှတ်ထားပေမယ့် စျေးမကျတဲ့အပြင် မှောင်ခိုစျေးကွက်ပါဖြစ်ပေါ်နေ

ဩဂုတ် ၃၀၊ ၂၀၂၄
GG (VOM)
ဆန်ရည်ညွှန်းစျေးသတ်မှတ်လိုက်တာကြောင့် နောက်ဆက်တွဲအနေနဲ့ ဆန်ဆိုင်တွေမှာ မှောင်ခိုပုံစံ တိုးတိုးတိတ်တိတ်ရောင်းချတဲ့ စျေးကွက်တခု ပေါ်ပေါက်လာနေတယ်လို့ စားသုံးသူတွေဆီကသိရပါတယ်။
မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်MRF ကတော့
ပြည်တွင်း ဆန်စျေးနူန်း မြင့်တက်နေမှုကို ထိန်းချုပ်ဖို့နဲ့ ဆန်စျေးနူန်းတည်ငြိမ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆန်အမျိုးအစားလိုက် ရည်ညွှန်းစျေးကိုလစဥ် သတ်မှတ်ထုတ်ပြန်ပေးနေတာပါ။
ဒါပေမယ့် မြေပြင်အခြေအနေမှာတော့ မြို့ပေါ်ဆန်ဆိုင်အများစုဟာ ရွှေဘိုပေါ်ဆန်းထူးထူးရှယ် အမျိုးအစား၊ စလင်းနယ်ထွက် ဧရာပဒေသာစတဲ့အရည်အသွေးကောင်း ဆန်အမျိုးအစားတွေကို စျေးလည်းမကျတဲ့အပြင် အရင်လို ပေါ်ပေါ်ထင်ထင်မရောင်းချတော့ဘဲ ဝယ်သူရှိမှသာ ထုတ်ရောင်းချပေးနေတာဖြစ်ပါတယ်။
” ရွှေဘိုပေါ်ဆန်းထူးရှယ်ဝယ်တာ ၆ပြည်အိတ်ကို ၅၀၀၀၀ ပေးရတယ်။သူတို့ကဆန်အိတ်ကိုရှေ့မှာချမထားဘူး။ရှေ့မှာချထားတာက တပြည် ၃၀၀၀ ဆိုတာပဲရှိတယ်။ ခုကျွန်တော်တို​့ဝယ်တဲ့ဆန်ဆို မေးမှထုတ်ရောင်းတာ။ရောင်းတော့လဲ ရိုးရိုးအိတ်နဲ့အပြင်ကနေထုတ်ပေးတာ။ဆန်ဝယ်ရတာတောင် မှောင်ခိုအရောင်းဝယ်လုပ်နေရသလိုပါပဲ။” လို့ စားသုံးသူ တယောက်ကပြောပါတယ်။
ရွှေဘိုပေါ်ဆန်း ထူးရှယ် ၂၄ ပြည်တအိတ်ကို အခုချိန်ထိ ၂၀၀၀၀၀ ကျပ်အထိရှိနေပြီး စလင်းဧရာပဒေသာ ၂၄ ပြည်တအိတ်ကို ၁၇၀၀၀၀ ဝန်းကျင်အထိစျေးတန်းရှိနေဆဲဖြစ်ပါတယ်။
ဆန်ရည်ညွှန်းစျေးသတ်မှတ်ထားပေမယ့် အရည်အသွေးမြင့်ဆန်တွေကစျေးမကျသလို မှောင်ခိုပုံစံ ရောင်းချနေမှုနဲ့ပတ်သက်ပြီး MRF မှ အဖွဲ့ဝင်တယောက်ကခုလိုပြောပါတယ်။
” ကျွန်တော်တို့လည်းကြားတယ်။တချို့လည်း သတ်မှတ်စျေးထက်ပိုရောင်းတဲ့ဆိုင်တွေရှိတယ်။မှောင်ခိုပုံစံရောင်းနေကြတယ်ဆိုတာမျိုးပေါ့။အကုန်လုံးစပါးစျေးကကျပြီးအကုန်လုံးလုပ်နိုင်ရင်ကိစ္စမရှိဘူးပေါ့။တချို့ကလည်း ဆန်ရှယ်ကြီးပေးပါ ဘယ်လောက်ပေးရပေးရဆိုတဲ့သူတွေကလည်းရှိတယ်။” လို့ သူကပြောပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့
သတ်မှတ်ဆန်ရည်ညွှန်းစျေးထက် ပိုပြီးရောင်းချတဲ့ဆန်လုပ်ငန်းရှင်တွေ၊ကုန်သည်၊ပွဲရုံတွေကို အရေးယူတာတွေလုပ်နေတဲ့ အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း စောင့်ကြည့်ခြင်း၊ အဖွဲ့စုံစစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။
ဆန်အသင်းကသတ်မှတ်ထားတဲ့ဩဂုတ်လအတွက် ရည်ညွှန်းဆန်စျေးကတော့ ရွှေဘိုပေါ်ဆန်းမွှေး ကို ၁၄၀၀၀၀ မှ ၁၄၅၀၀၀ ကျပ်အထိသာရောင်းချဖို့ ၊ ဧရာမင်း/ ဧရာပဒေသာ ၊မဂျမ်းတော (မြန်မာပြည်အထက်ပိုင်း)ဆန်ကို ၁၃၀၀၀၀ ကျပ်၊ပေါ်ဆန်းအုပ်စု ဧရာဝတီပေါ်ဆန်း ဆိုရင် ၁၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းအုပ်စု ခွံနီနဲ့ပေါ်ကျွဲက ၁၁၀၀၀၀ ကျပ်၊ ဧရာဝတီတိုင်းထွက်ဧရာပဒေသာဆန်က ၁၀၀၀၀၀ ကျပ်​ဖြစ်ပါတယ်။
ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုက ၆၈၀၀၀ မှ ၈၀၀၀၀ ကျပ်ရှိပြီး ပြည်ပတင်ပို့ခြင်းနဲ့ပြည်တွင်းစားသုံးမှုရှိတဲ့ဆန်အုပ်စုက ၈၇၀၀၀ ကျပ်၊အရည်အသွေးကောင်းမွန်တဲ့ပြည်တွင်းစားသုံးမှုများတဲ့ဆန်က ၉၈၀၀၀ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။
လက်ရှိမှာ MRF ကဦးဆောင်မှုနဲ့ ဆန်ဆိုင်တွေမှာ ဆန်တပြည် ၃၀၀၀ ကျပ်နဲရောင်းချပေးနေတာရှိပေမယ့် ကျေးလက်နေ လူအများစုကတော့ ခုချိန်ထိ ဆန်တပြည်ကို အနိမ့်ဆုံး ၃၈၀၀ ကျပ်နူန်းနဲ့ဝယ်ယူနေရသလို ရွှေဘိုပေါ်ဆန်းကလည်းတပြည်ကို ၉၀၀၀ ကျပ်နီးပါးအထိ ေရာင်းချမှုရှိနေပါတယ်။
Photo; MRF

Related posts

Leave a Comment

VOM News

FREE
VIEW