ထိုင်းမှာ ဥမင်ထဲပိတ်မိနေတဲ့ မြန်မာအပါအဝင် လူသုံးယောက် သေဆုံးပြီလို့ အာဏာပိုင်တွေ အတည်ပြု

ဘန်ကောက် ၊ ဩဂုတ်-၃၀-၂၀၂၄
မျိုးဆက်(VOM)
ထိုင်းနိုင်ငံမှာ ပြိုကျနေတဲ့ရထားဥမင်အတွင်း ပိတ်မိနေတဲ့ မြန်မာအလုပ်သမားတယောက်နဲ့ တရုတ်နှစ်ယောက်ကို ငါးရက်ကြာ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ပေမယ့် သေဆုံးသွားပြီလို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။
မနေ့ကတော့ မြေကြီးတွေနဲ့ ကျောက်တုံးတွေအောက်မှာ နစ်မြုပ်နေတဲ့ မြန်မာနိုင်ငံသား ထရပ်ကားမောင်းသူရဲ့ ရုပ်အလောင်းကိုတွေ့ခဲ့ရပြီး ကြီးကြပ်ရေးမှူးတယောက်နဲ့ တူးဖော်ရေးအော်ပရေတာဖြစ်တဲ့ တရုတ်နိုင်ငံသားတွေရဲ့ အလောင်းကိုတော့ ဒီနေ့မနက်အစောပိုင်းမှာ တွေ့ရှိခဲ့တာလို့ တာဝန်ရှိသူတွေကဆိုပါတယ်။
ပိတ်မိနေတဲ့ အလုပ်သမားတွေဟာ မနေ့ကထိ အသက်ရှင်နေသေးတယ်လို့ ယူဆရပါတယ်။ မြို့တော်ဘန်ကောက်ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာရှိ ပတ်ခ်ချောင်ခရိုင်မှာ သူတို့တည်ဆောက်နေတဲ့ ဥမင်တခု ပြီးခဲ့တဲ့စနေနေ့က ပြိုကျပြီး ပိတ်မိနေခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ပိတ်မိနေသူတွေ သေဆုံးသွားပြီလို့ အာဏာပိုင်တွေက အတည်ပြုထုတ်ပြန်လာပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ဥမင်ထဲမှာ အောက်ဆီဂျင်ပြတ်တောက်မှုကြောင့်လို့ ဆိုပါတယ်။
ဆောက်လုပ်နေဆဲဖြစ်တဲ့ ထိုင်း-တရုတ်အမြန်လမ်း စီမံကိန်းရဲ့ တစိတ်တပိုင်ဖြစ်တဲ့ အဲဒီဥမင်ဟာ ပြီးခဲ့တဲ့ စနေနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ ပြိုကျခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီနောက် ထိုင်းမီးရထားတာဝန်ရှိသူတွေနဲ့ တရုတ်သဘာ၀ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့တွေဟာ သူတို့ကို ကယ်ဆယ်နိုင်ရေးအတွက် အပူတပြင်းလုပ်ဆောင်ခဲ့ကြပါတယ်။ အလုပ်သမားတွေ အသက်ရှင်နိုင်ဖို့ ပြွန်ပိုက်တွေနဲ့အတူ အောက်ဆီဂျင်ပေးပို့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အလောင်းတွေကို ဥမင်အဓိကပြိုကျတဲ့နေရာရဲ့ ၂၅ မီတာအကွာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Ref:BBC
Photo:State railway of Thailand

Related posts

Leave a Comment

VOM News

FREE
VIEW