တရားဝင် ငွေမလွဲတဲ့ ပြည်ပရောက် အလုပ်သမားတွေကို ပတ်စ်ပို့သက်တမ်းတိုးတာနဲ့ OWIC ကတ်ထုတ်ပေးတာ ခွင့်မပြု



စက်တင်ဘာ ၆ – ၂၀၂၄
SN (VOM)

အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ပြည်ပရောက် အလုပ်သမားတွေ ပြည်တွင်းကို ငွေလွှဲတာနဲ့ပတ်သက်လို့ စိစစ်ဆောင်ရွက်နေပြီး တရားဝင် ငွေမလွှဲထားပါက ပတ်စ်ပို့သက်တမ်းတိုးတာနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ကတ် ထုတ်ပေးတာကို ခွင့်မပြုဘူးလို့ အသိပေး ကြေညာထားပါတယ်။

ဒါအပြင် ပြည်ပနိုင်ငံဆီ အလုပ်နဲ့ထွက်ခွာမှုကို ကာလအကန့်အသတ်နဲ့ ပိတ်ပင်သွားမှာဖြစ်သလို စိစစ်အရေးယူမှုတွေကိုလည်း လိုအပ်သလို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဝန်ကြီးဌာနဘက်ကတော့ ဒီကိစ္စကို ဖိအားပေး လုပ်ဆောင်နေပေမယ့် အလုပ်သမားတွေကို ထိန်းချုပ်နိုင်ဖို့က မလွယ်လောက်ဘူး။ နိုင်ငံခြားရောက်ပြီး မိသားစုဆီ ငွေပြန်မလွှဲတဲ့သူတွေတောင် ရှိသေးတာကိုး ဆိုတော့ ဒီကိစ္စက ဘယ်လိုမှ အဆင်မပြေလောက်ဘူး။ အခုထိတော့ တရားဝင်နည်းလမ်းနဲ့ လစာပြန်လွှဲတဲ့သူက မရှိသလောက်ဘဲ။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ အေဂျင်စီတွေဘက်ကိုလည်း ဖိအားပေးတာတွေ၊ စာရင်းတောင်းတာတွေ၊ အရေးယူရတာတွေ ရှိတယ်။ အတော်လေး အကြပ်ရိုက်ရတဲ့ကိစ္စပါ” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ပြည်ပရောက် အလုပ်သမားတွေရဲ့လစာထဲက ၂၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပို့ဖို့ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက စတင် ညွှန်ကြားခဲ့တာဖြစ်ပြီး အဲဒီ သတ်မှတ်ချက်အတိုင်း လိုက်နာမယ့်အကြောင်း ဝန်ခံလက်မှတ် ရေးထိုးခိုင်းပြီးမှသာ အလုပ်သမားတွေကို ပြည်ပထွက်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ မိမိရရှိတဲ့ လုပ်ခလစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိရဲ့မိသားစုဝင်‌တွေဆီကို တရားဝင်ဘဏ်စနစ်နဲ့ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားတဲ့ Remittance BusinessLicense (RBL) ရရှိသူတွေနဲ့ဖြစ်စေ၊ ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ဖြစ်စေ တလကိုတကြိမ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း (ဒါမှမဟုတ်) အများဆုံး သုံးလကိုတကြိမ် သုံးလစာ စုစုပေါင်းရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိရဲ့မိသားစုဝင်တွေဆီ (ဒါမှမဟုတ်) မိခင်နိုင်ငံရှိ မိမိရဲ့ ဘဏ်စာရင်းကို လွှဲပြောင်း ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတယောက်က “ဘဏ်က ငွေကြေးနှုန်းထားနဲ့ အပြင်နှုန်းထား တူမယ်ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။ လွှဲဆို လွှဲလို့ရတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အဆင်မပြေဘူး။ နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ် ဆိုတိုင်း၊ နိုင်ငံခြားကို ရောက်သွားတဲ့သူတိုင်း အဆင်ပြေနေကြတာမဟုတ်ဘူး။ ရုန်းကန်နေရတာတွေရှိတယ်။ ကိုယ်အပင်ပန်းခံပြီး ခက်ခက်ခဲခဲရှာထားတဲ့ ပိုက်ဆံကို အပြင်ငွေလဲနှုန်း ပေါက်ဈေးအတိုင်းမဟုတ်ဘဲ သူတို့သတ်မှတ်နှုန်းထားအတိုင်း တရားဝင်နည်းလမ်းကနေ အရှုံးခံပြီးလွှဲရမယ်ဆိုရင်တော့ အဓိပ္ပာယ်မရှိဘူး။ တရားဝင်နည်းလမ်းအတိုင်း လွှဲစေချင်တယ်ဆိုရင်တော့ ငွေလဲနှုန်းကို အပြင်ပေါက်ဈေးအတိုင်း တပြေးညီဖြစ်အောင် အရင်လုပ်ပေးဖို့လိုတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့ငွေနဲ့ ပတ်သက်လို့ တာဝန်ယူ ကြပ်မတ်ပေးဖို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ဒါအပြင် အေဂျင်စီတွေအနေနဲ့ မိမိတို့စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ တရားဝင် ငွေလွှဲပြောင်းပေးပို့မှုနဲ့ ပတ်သက်လို့ လွယ်ကူ၊ မှန်ကန်၊ မြန်ဆန်စေရေး လိုအပ်တာတွေကိုလည်း ကူညီ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် အလုပ်သမားတွေဆီက လစဉ် ငွေလွှဲပို့မှု အထောက်အထားတွေကို အလုပ်သမားဝန်ကြီးဌာနထံ လချုပ်အဖြစ် အဲဒီ အထောက်အထားတွေနဲ့အတူ ပူးတွဲကာ မပျက်မကွက် တင်ပြရမှာဖြစ်ပြီး အဲဒီလို တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ‌တွေကို အရေးယူသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

လက်ရှိမှာလည်း သတ်မှတ်ရက်အတွင်း လချုပ်စာရင်း တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ ၁၅၀ နီးပါးကို စေလွှတ်ခွင့်နဲ့ အလုပ်ခေါ်စာအသစ်တင်ခွင့်ဆိုင်းငံ့ အရေးယူထားတာတွေရှိတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အလုပ်သမားရဲ့ မိသားစုဆီလွှဲပို့ငွေ တင်ပြဖို့ပျက်ကွက်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၇၉ ခုကို စေလွှတ်ရေးလုပ်ငန်းစဥ် ဆိုင်းငံ့ထားသလို အလုပ်ခေါ်စာအသစ် တင်ခွင့်ကိုပါ ဆိုင်းငံ့ထားပြီး အဲဒီထဲက အေဂျင်စီ ရှစ်ခုကိုတော့ မကြာခင်ကထုတ်ပြန်ထားတဲ့ အေဂျင်စီတွေကိုအရေးယူမယ့် ပြစ်ဒဏ်အမိန့်အတိုင်း ဒဏ်ငွေ ကျပ် တသိန်းစီ ပေးဆောင်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အလုပ်သမားရဲ့လွှဲပို့ငွေ အထောက်အထား သတ်မှတ်ရာခိုင်နှုန်း ပြည့်မီအောင် ပေးပို့နိုင်ခြင်းမရှိတဲ့ အေဂျင်စီ ၆၇ ခုကိုလည်း စေလွှတ်ရေးလုပ်ငန်းစဥ်ကို ဆက်လက်ခွင့်ပြုထားပေမယ့် အလုပ်ခေါ်စာအသစ် တင်ခွင့်ကိုတော့ ဆိုင်းငံ့ အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ အေဂျင်စီတွေအနေနဲ့ သတ်မှတ်ရာခိုင်နှုန်း ပြည့်မီအောင် အထောက်အထား ပေးပို့နိုင်မယ်ဆိုရင်တော့ စေလွှတ်ရေးလုပ်ငန်းစဥ်နဲ့ အလုပ်ခေါ်စာအသစ် တင်တာတွေကို ပြန်လည် ခွင့်ပြုပေးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

အလုပ်သမားညွန်ကြားရေး ဦးစီးဌာနအနေနဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ထိုင်းနဲ့ မလေးရှားနိုင်ငံကို စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ လွှဲပို့ငွေ အထောက်အထားစာရင်း ပေးပို့ဖို့ သတိပေး တောင်းခံထားတာဖြစ်ပြီး ပျက်ကွက်တဲ့ အေဂျင်စီတွေကို စတင်ပြီး အရေးယူတာဖြစ်ပါတယ်။

အကျိုးဆောင်လိုင်စင် ရယူထားတဲ့ အေဂျင်စီတွေထဲက အေဂျင်စီ ၇၄ ခုကတော့ သတ်မှတ်နှုန်းထား ပြည့်မီအောင် ပေးပို့နိုင်ခဲ့သလို နောက်ထပ် အေဂျင်စီ ၁၁ ခုကတော့ စာချုပ်ပါ သဘောတူညီချက်ကြောင့်ဆိုပြီး အရေးယူမှုကနေ ကင်းလွတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW