နိုင်ငံ အထက်ပိုင်းဒေသတချို့ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှု သတိပြုဖို့ လို



အောက်တိုဘာ ၅ – ၂၀၂၄
SN (VOM)

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသတချို့ အခုရက်ပိုင်းအတွင်း မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှု သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

မိုး/ဇလဌာနရဲ့ ဒီကနေ့ အောက်တိုဘာ ၅ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းနဲ့ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေတယ်လို့ သိရပါတယ်။

“သူကတော့ သိပ်ပြီးတော့ အားကောင်းမယ့်အနေအထား မရှိဘူး။ ပြီးရင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယထဲဝင်ပြီး အားပျော့သွားမယ့် အနေအထားမျိုးရှိတယ်။ ဒါပေမယ့်သူက အပေါ်ကိုသွားမှာ ဖြစ်တဲ့အတွက်ကြောင့် မိုးရွာပြီဆိုလည်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီတို့ ချင်းတွင်းမြစ်တို့ အဲဒီနေရာတွေမှာတော့ ရေနည်းနည်းလေး တက်လာမယ့်အနေအထားရှိတယ်။ လောလောဆယ်မှာတော့ ရေက ကျထားတာလည်း တော်တော်လေးများတဲ့အတွက် အခုရေတက်လာနိုင်မယ့် အခြေအနေကလည်း နည်းနည်းတော့ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်အပြင် အိန္ဒိယနိုင်ငံဘက်မှ ရွေ့လျားလာတဲ့ တိမ်တိုက်တွေကြောင့် နောက် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

“အဓိက ကတော့ စစ်ကိုင်းတိုင်းတို့ ကချင်ပြည်နယ်တို့ ချင်းပြည်နယ်တို့ ဆိုတာက တောင်ကုန်းတောင်တန်း များတဲ့နေရာတွေဆိုတော့ မိုးနည်းနည်းများတာနဲ့ ရေဝပ်တဲ့ နေရာတွေဆိုတော့ သတိပြုလိုတာပေါ့။ ရေကြီးရေလျှံတာက မြစ်အကြီးကြီးတွေထဲ စီးဝင်တဲ့အခါကျတော့ ရေတော့ မြင့်တက်လာမယ်။ အဲဒါကြောင့် မြစ်ကမ်းဘေးမှာ နေတဲ့သူတွေကတော့ သတိထားဖို့လိုတယ်” လို့ သူက ပြောပါတယ်။

လက်ရှိကာလမှာ အစွန်းရောက်တဲ့ မိုးလေဝသဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံမှာသာမက နိုင်ငံတဝန်းမှာပါ ဖြစ်ပေါ်နေတဲ့အတွက် မိုးလေဝသသတင်းတွေကို အချိန်နဲ့တပြေးညီ လေ့လာ စောင့်ကြည့်ပြီး သဘာဝဘေးနဲ့ပတ်သက်လို့ ကြိုတင်သတိပြု နေထိုင်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“အစွန်းရောက်တဲ့ မိုးလေဝသဖြစ်စဉ်တွေက တနှစ်ထက်တနှစ်ကို ပိုပြီးများလာတယ်။ တခါမှ ရေမကြီးဖူးတဲ့ ဥရောပဘက်မှာတောင် ဖြစ်နေတယ်။ ပြီးခဲ့တဲ့ မုတ်သုံဝင်ခါစအချိန်တုန်းကလည်း အရှေ့အလယ်ပိုင်း နိုင်ငံတချို့မှာ မိုးရွာတာတွေ ရှိခဲ့တယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကတော့ အဲဒီလောက်ကြီး မိုးမများဘူးပေါ့။ မများပေမယ့်လည်း သဘာဝဘေးနဲ့ ပတ်သက်ပြီးတော့ ကြိုတင်အသိရှိပြီး ကြိုတင်သတိနဲ့ တခုခုဖြစ်လာပြီဆိုရင်လည်း ရေဘေးလွတ်တဲ့ နေရာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်။ လက်ရှိကတော့ ဧရာဝတီမြစ်တို့ ချင်းတွင်းမြစ်တို့ထဲကို စီးဝင်မှာဖြစ်တဲ့အတွက် အဲဒီမြစ်တွေကတော့ ရေတွေတက်လာနိုင်တယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

မိုး/ဇလ ဌာနရဲ့ ဒီကနေ့ အောက်တိုဘာ ၅ ရက်၊ ညနေအထိ ခန့်မှန်းချက်မှာတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်း (အထက်ပိုင်း) နဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မိုး/ဇလ

Related posts

Leave a Comment

VOM News

FREE
VIEW