တောင်ကြီးမှာ ပျံကျစျေးသည်တွေကို မြေနေရာငှားခ နှစ်ဆတိုးကောက်လို့ အခက်ကြုံ

ZY(VOM)
နိုဝင်ဘာ ၄၊ ၂၀၂၄
တန်ဆောင်တိုင်ပွဲတော် ကျင်းပပြုလုပ်မှာဖြစ်တာကြောင့် ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့မှာ အခု နိုဝင်ဘာလကနေ စတင်ပြီး မြေနေရာငှားရမ်းခကို တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနက နှစ်ဆတိုးမြင့်ကောက်ခံနေတာကြောင့် ပျံကျဈေးသည်တွေအနေနဲ့ အခက်အခဲကြုံတွေ့နေရတယ်လို့ သိပါတယ်။
တောင်ကြီးတက္ကသိုလ်အနီးတဝိုက်၊ တန်ဆောင်တိုင်ပွဲကျင်းပမယ့် အဝေရာကွင်းအနီးတဝိုက်၊ ဗိုလ်ချုပ်ပန်းခြံ အနီးတဝိုက်နဲ့ မြို့တွင်းက အဓိကလမ်းမတွေရှိ ယာယီပျံကျဈေးသည်တွေကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက ကြိုတင်အကြောင်းကြားတာ မရှိပဲ မြေငှားရမ်းခကို နှစ်ဆတိုးမြင့်ကောက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“တက္ကသိုလ် နောက်ဘက်က စျေးတန်းမှာ။ ဆယ်ပေပတ်လည် မိုးကာတဲတစ်လုံးကို စည်ပင်ခ အရင်က တစ်လနှစ်သောင်းပေးရတယ်။ ဒီလက တန်ဆောင်တိုင်ကြောင့် လေးသောင်းပေးရမယ်လို့ ကြိုမပြောပဲ လခလာကောက်တာ။ ဒီနေရာတွေက အချိန်ပိုင်းလေးပဲ လာရောင်းရတာ၊ ပြီးတော့လည်း ရောင်းရတဲ့လက အဝေးသင်စာမေးပွဲ ဖြေချိန်ခဏလေးပါရှင်။ သက်ဆိုင်ရာစည်ပင်လူကြီးတွေအနေနဲ့ ပြန်လည်လျော့ချကောက်ခံပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ ယာယီပျံကျဈေးသည်တယောက်က VOMကို ပြောပါတယ်။
အဲဒီနေရာတွေမှာ ယာယီပျံကျဈေးဆိုင်တွေ လာရောက်ဖွင့်လှစ်ရောင်းချနေသူတွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေ အများစုဖြစ်နေတာကြောင့် ဆိုင်ခန်းမြေရမ်းခ တိုးမြင့်ကောက်ခံမှုကို ပြန်လည်စဉ်းစားပေးဖို့ ဈေးသည်တွေက တောင်းဆိုနေကြပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ကို နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ၇ရက်ကြာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိ တောင်ကြီးမြို့မှာ စစ်ဘေးရှောင်အရေအတွက် အင်မတန်များပြားနေသလို ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ၊ စက်သုံးဆီရှားပါးမှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေ၊ အိမ်ငှားခ ဈေးမြင့်တက်မှုတွေကြောင့် တန်ဆောင်တိုင်ပွဲကျင်းပပြုလုပ်မယ့်အပေါ် ဒေသခံတွေကတော့ ဝေဖန်နေကြပါတယ်။
ဓာတ်ပုံ-Local

Related posts

Leave a Comment

VOM News

FREE
VIEW