ZY(VOM)
နိုဝင်ဘာ ၄၊ ၂၀၂၄
မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ရေနစ်မြှုပ်မှုကြုံတွေ့ခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ မနေ့( နိုဝင်ဘာလ ၃ရက်)၊ ညနေပိုင်းအချိန်ကလည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဘက်ရှိ ကံလှကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ရက်၊ ညနေ ၄နာရီ ဝန်းကျင်အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ကျော်ဟာ ခေါင်းမိုးလန်ပျက်စီးတာ၊ ပြိုလဲပျက်စီးတာ၊ ယိုင်နဲ့ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“၃နာရီခွဲလောက်မှာ မိုးကလည်း စရွာတယ်၊ လေကလည်း အရမ်းပြင်းတာ။ မုန်တိုင်းရှိလို့ လေတိုက်နှုန်း မြင့်မယ်လို့လည်း ကြေညာထားပေမယ့် ဘာမှကြိုတင်ပြင်ဆင်မှု မလုပ်နိုင်ဘူးလေ။ ရေကြီးလို့ ခုမှအိမ်က ရေပေါ်ပေါ်လာခါစပဲ ရှိသေးတာဗျ။ လေကတခါတိုက်လာတော့ ကိုယ်တိုင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
အဲဒီလိုလေပြင်းတိုက်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပေမယ့် နေအိမ်ပျက်စီးသွားတဲ့ မိသားစုတွေဟာ နီးစပ်ရာမှာ သွားရောက်ခိုလှုံနေရပြီး အိပ်ယာ၊ အဝတ်အစား၊ စောင်၊ ခြင်ထောင်စတဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေသလို နေအိမ်ပြန်လည်တည်ဆောက်ပြုပြင်ဖို့အတွက်လည်း ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ဒုတိယပါတ်အတွင်းကလည်း အင်းလေးဒေသမှာ နှစ်ပေါင်း ၁၀၀ကျော်အတွင်း ရေကြီးရေနစ်မြှုပ်မှု အဆိုးရွားဆုံးဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၁၇၁အထိ ရေဘေးဒဏ်ခံစားခဲ့ရသလို အင်းလေးကန်ရေပေါ်မှာ ဆောက်ထားတဲ့ နေအိမ် ၂၀၀နီးပါးခန့်ဟာ ရေကြီးနစ်မြုပ်မှုဒဏ်ကို ရက်ပေါင်း ၄၀နီးပါး ခံစားခဲ့ရတာကြောင့် နေအိမ်ကြမ်းခင်းတွေ ဆွေးမြည့် ပျက်စီးတာ ရှိခဲ့သလို အကာအရံတွေဟာလည်း ဆွေးမြေ့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Local