ZY(VOM)
နိုဝင်ဘာ ၅၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အမှတ်(၁၈)ယာဉ်ထိန်းရဲ၊ ဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းတောင်)က ဆိုင်ကယ်ဦးထုပ်၊ နောက်ကြည့်မှန်မပါတဲ့ဆိုင်ကယ်တွေ၊ ပါဝါအိတ်ဇောနဲ့ အသံဆူညံစေတဲ့ အိတ်ဇောတွေ တပ်ဆင်မောင်းနှင်နေတဲ့ ဆိုင်ကယ်အစီးရေ ၂၀၀ကျော်ဖမ်းဆီးထားတယ်လို့ ယာဉ်ထိန်းသတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။
တောင်ကြီးမြို့တွင်းမှာ ပြီးခဲတဲ့ အောက်တိုဘာလ ၂၉ရက်ကနေ ဒီကနေ့ နိုဝင်ဘာလ ၄ရက်အထိ စစ်ဆေးဖမ်းဆီးထားတာဖြစ်ပြီး စည်းကမ်းလိုက်နာမှု အားနည်းနေသေးတဲ့အတွက် စစ်ဆေးအရေးယူမှုတွေကို နောက်ရက်တွေမှာ ပိုပြီးတော့ တင်းကြပ်လုပ်ဆောင်သွားမယ်လို့ ဆိုရပါတယ်။
“ဖမ်းထားတာတော့ အစီး ၂၀၀ကျော်လောက်ရှိတယ်။ တရားရုံးဒဏ်ငွေ ဆောင်ပြီးရင်တော့ ပြန်လွှတ်ပေးမှာပါ။ ပုံမှန်အတိုင်း ဒဏ်ငွေ ဆောင်ရမှာပေါ့။ ပုံမှန်ဒဏ်ငွေကတော့ တသောင်း၊ သုံးသောင်းရှိတယ်။ ဟိုဟိုဒီဒီပေးရမှာနဲ့ဆိုတော့ ငါးသောင်းလောက် ကုန်မှာပေါ့။ ဒါပေမယ့် ဒီလောက်ဖမ်းနေတာတောင် စည်းကမ်းမလိုက်နာလို့ တရားရုံး က ဒဏ်ငွေမြှင့်မယ်၊ စစ်ဆေးတာတွေကိုလည်း ပိုလုပ်တော့မယ်လို့ ကြားတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဆိုင်ကယ်ပိုင်ရှင်တွေအနေနဲ့ တောင်ကြီးမြို့နယ်တရားရုံးမှာ ဒဏ်ငွေပေးဆောင်ကာ ဆိုင်ကယ်ကို ပြန်လည်ထုတ်ယူရမှာဖြစ်ပြီး ဆိုင်ကယ်နောက်ကြည့်မှန်၊ မူလအိတ်ဇော၊ ဆိုင်ကယ်ဦးထုပ်တွေ ယူဆောင်လာကာ တပ်ဆင်းပြီးမှာသာ ပြန်ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
“ကားတွေကိုတော့ ဒီနေ့ သိပ်မစစ်ဘူး။ ဆိုင်ကယ်တွေကို ယာဉ်ထိန်းအပြင် အဖွဲ့စုံနဲ့ လိုက်စစ်ပြီး ဖမ်းနေတာပါ။ အရင်ကလို ဖမ်းခံရတဲ့နေရာမှာ ညှိလို့မရတော့ဘူး။ ဖမ်းပြီး တစ်ခါတည်း ကားပေါ် တင်သွားတယ်။ တရားရုံးမှာဒဏ်ငွေဆောင်ပြီး သွားရွေးဖို့ပဲ ပြောတာ၊ တချို့ကလည်း ယာဉ်ထိန်းရုံးအထိ သွားလိုက်ညှိတော့ ရလာတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းတွေပျံ့နှံ့နေသလို စီမံချက်နဲ့ဖမ်းဆီးတာမဟုတ်ပဲ ပုံမှန်စစ်ဆေးရေး လုပ်ဆောင်ကာ အရေးယူနေတာဖြစ်ပေမယ့် ဒီလိုဖမ်းဆီးစစ်ဆေးမှုတွေကြောင့် မြို့တွင်းမှာ ပုံမှန်နေ့တွေထက် ကား၊ ဆိုင်ကယ်အသွားအလာ နည်းပါးနေပြီး အရေးပေါ်ကိစ္စကြောင့် အပြင်ထွက်ပါက ကား၊ ဆိုင်ကယ်ဖမ်းဆီးတဲ့နေရာတွေကို ရှောင်ကွင်းသွားလာနေရတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ- Eagle White