ကယားဒေသ ရေဘေးသင့်ပြည်သူတွေ ရေပြန်မကျသေးလို့ အခက်ကြုံနေ

နိုဝင်ဘာ ၆ – ၂၀၂၄
SN (VOM)
ကယားပြည်နယ်မှာ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ဒေသခံ သုံးသောင်းကျော်အတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ လူမှုကူညီရေး အဖွဲ့အစည်းတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် ကယားပြည်နယ်ထဲက လွိုင်ကော်၊ ရှားတော၊ နန်းမယ်ခုံ၊ မယ်စဲ့၊ ဟိုရာ၊ ဒီးမော့ဆို အပါအဝင် မြို့နယ် စုစုပေါင်း ၁၀ မြို့နယ်လောက်မှာ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ကြုံခဲ့ရပြီး အချိန် နှစ်လကျော်ကြာလာတဲ့အထိ လုံလောက်တဲ့အကူအညီတွေ မရရှိသေးဘူးလို့ သိရပါတယ်။
“တချို့မြို့နယ်က ရပ်ကွက်တွေဆို ရေလုံးဝ ပြန်မကျသေးတာတွေရှိတယ်။ ခုထိ ရေဘေးရှောင်စခန်းမှာ နေနေရတုန်း။ ရေကလည်း ရေသေကြီးလိုဖြစ်ပြီး ကျန်ခဲ့တာ။ မော်တာနဲ့ စုပ်ထုတ်မှ ရမယ်ထင်တယ်။ ရေတွေကလည်း အတော့်ကိုညစ်ပတ်နေပြီ။ ပြန်လည်ထူထောင်ရေးအတွက် အကူအညီ၊ အထောက်အပံ့တွေ အများကြီး လိုအပ်နေသေးတယ်။ စိုက်ပျိုးထားတဲ့ သီးနှံတွေလည်း ရေမြုပ်ပျက်စီးကုန်တာဆိုတော့ အကုန်လုံးက စားသောက်ရေးအတွက် ဆုံးရှုံးမှုရှိကြတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
ပြန်လည်ထူထောင်ရေးမှာ နိုင်ငံတကာ အသင်းအဖွဲ့တွေရဲ့ ပါဝင်မှုအခန်းကဏ္ဍ ရှိနေပေမယ့် လူထုရဲ့ဆုံးရှုံးမှုက ကြီးမားတာကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ရေဘေးကြောင့် နေအိမ် တသောင်းခြောက်ထောင်ကျော် ရေနစ်မြုပ်ခဲ့တဲ့ လွိုင်ကော်မြို့မှာ လက်ရှိအချိန်အထိ မြို့ပေါ်က မင်းစု၊ ဒေါနောခူးနဲ့ နမ့်ကွတ်ရပ်ကွက်တွေမှာ ရေပြန်မကျသေးတာကြောင့် ဒေသခံ ၂၀၀ ကျော်ဟာ သာသနဗိမာန်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် လူဦးရေ ၂၀၀၀ ကျော် ရေဘေးသင့်ခဲ့တဲ့ နန်းမယ်ခုံမြို့မှာလည်း စပါးစိုက်ခင်း၊ လမ်းတံတား အပြင် စိုက်ပျိုးထားတဲ့ သီးနှံတွေလည်း ရေဘေးကြောင့် အကုန်ပျက်စီးခဲ့ရသလို လူနေအိမ်တွေလည်း ရေမြုပ်သွားခဲ့တာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်အခြမ်းမှာတော့ ရေဘေးဒဏ်အပြင် တောင်ပါပြိုကျခဲ့တာကြောင့် ကုန်တင်ကားတွေ သွားလာလို့မရဘဲ ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ဈေးနှုန်းတွေပါ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပြည်နယ်လုံး အတိုင်းအတာနဲ့ စစ်ဘေးရှောင်နေကြရတဲ့ ကယားပြည်နယ်မှာ စစ်ရှောင်ကာလအတွင်း ရေဘေးဒုက္ခကိုပါ ထပ်ဆင့် ကြုံတွေ့နေရတာဖြစ်ပြီး စစ်ရှောင်စခန်း ၁၆ ခုနဲ့ ကျေးရွာပေါင်း ၅၄ ရွာက အဆိုးဝါးဆုံး ရေဘေးဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ရေဘေးဖြစ်ပြီးတဲ့နောက် အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်ဟာ အရင်ကထက်ပိုပြီး မြင့်မားလာတဲ့အပြင် အမိုးအကာ၊ လောင်စာဆီနဲ့ ကယ်ဆယ်ရေး အထောက်ပံ့တွေလည်း များစွာ လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
“အရင်ကတည်းက စစ်ဘေးဒဏ်ခံနေရတာကိုမှ ရေဘေးပါ ထပ်ကြုံလိုက်ရတော့ အခြေအနေတွေက အဆိုးဘက်ကို ပိုရောက်သွားတာ။ စိုက်ခင်းတွေလည်း ပျက်စီးကုန်တော့ အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်က အမြင့်ဆုံးဖြစ်သွားတယ်။ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေဘက်ကလည်း ဒီနေ့အချိန်အထိ ထိရောက်တဲ့ အကူအညီတွေ မရရှိသေးဘူး” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးတဲ့အခါ မြေပြင်မှာ အမှန်တကယ် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီမှုပေးနိုင်မှသာ ထိရောက်မှုရှိမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိ ကယားပြည်နယ်ထဲမှာ စစ်ဘေးနဲ့ သဘာဝဘေးကြောင့် လူပေါင်း တသိန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး သဘာဝဘေးကြောင့် မိသားစု နှစ်ထောင်နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေရသလို စိုက်ပျိုးဧက တသောင်းကျော် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတဝန်းမှာ ရေဘေးသင့် ပြည်သူ တသန်းခန့်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW