နိုဝင်ဘာ ၇ – ၂ဝ၂၄
KKO(VOM)
အာရှလမ်းမကြီးမှလွဲလို့ မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွေအားလုံးကို ပြီးခဲ့တဲ့ အောက်တို ဘာလကုန်ပိုင်းမှစလို့ ပုံမှန်အတိုင်းအသုံးပြုသွားလာနိုင်ပြီဖြစ်သော်လည်း လမ်းတံတားဂိတ်ကြေးများစွာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ တွေကို လမ်းအသုံးပြုသူတွေက ပေးဆောင်နေရလို့ အခက်တွေ့နေရတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။
ဒီလမ်းပိုင်းအတွင်းမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင့်လက် နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့ တွေရဲ့ဂိတ်တွေဟာ ဂိတ်ပေါင်း ၅ဝ ကျော်အထိရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် လမ်းကြေးကောက်ခံမှုတွေကနေ တဆင့် ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့တလပျမ်းမျှဝင်ငွေဟာ မြန်မာကျပ်ငွေသိန်းပေါင်းလေးသောင်းဝန်းကျင်အထိရရှိနေတယ်လို့လည်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)က သူတို့ရဲ့သုတေသနစာတမ်းတစ်စောင်မှာ ထုတ်ဖော်ရေးသားထားခဲ့ပါတယ်။
“အာရှလမ်းမကြီးကလွဲလို့ မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွေ အားလုံးပုံမှန်အတိုင်းသွားလာလို့ရပါပြီ။ လမ်းတွေအားလုံးသွားလို့ရပြီ။အာရှလမ်းမကြီးကတော့အသုံးပြုလို့မရသေးဘူး။အခုသွားလို့ရတယ်ဆိုတာက တောလမ်းတွေဘက်ပါ”လို့ မြဝတီမြို့ဒေသခံ တယောက်က VOM ကို ပြောပါတယ်။
မြဝတီမြို့ဒေသခံတွေနဲ့ ကုန်တင်ယာဉ်မောင်းနှင်သူတွေရဲ့ပြောကြားမှုအရအောက်တိုဘာ လကုန်ပိုင်းမှစလို့ မြဝတီ-ကော့ကရိတ်သွားလမ်းပိုင်းတွေဖြစ်တဲ့ ယခင်လမ်းဟောင်းဒေါနတောင်တက်လမ်းအပါအဝင် ၁၀၁၈ လမ်း၊ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်းပိုင်းတွေ ပြန်လည်ပြင်ဆင်ပြီးပြီဖြစ်လို့ ယာဉ်ကြီး၊ယာဉ်ငယ်အားလုံး အလွယ်တကူ သွားလာအသုံးပြုနိုင်ပြီဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီလိုအာရှလမ်းမကြီးမှလွဲလို့ မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွေ အားလုံးပုံမှန်အတိုင်း သွားလာအသုံးပြုနိုင်ပြီဖြစ်သော်လည်း လမ်းပိုင်းအတွင်းမှာရှိတဲ့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့ပေါင်းစုံရဲ့ဂိတ်တွေကိုဖြတ်သန်းသွားလာနေရတာဖြစ်လို့ ကားလက်မှတ်နှုန်းထားတွေဟာ အဆမတန်မြင့်မားလာနေသလို ကုန်စည်သယ်ယူပို့ဆောင်ရေးအပိုင်းမှာလည်းစရိတ်စက ကုန်ကျမှုတွေဟာပိုမိုများပြားလာတယ်လို့လည်း သိရပါတယ်။
ကုန်သည်တွေဘက်ကတော့ ထိုင်း-မြန်မာ နှစ်နိုင်ငံရဲ့အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းဟာ ယခုနှစ်ပိုင်းကာလတွေကစလို့ လမ်းပိုင်းသွားလာရခက်ခဲလာမှုတွေကြောင့်သယ်ယူပို့ဆောင်ရေးစရိတ်စကတွေဟာနှစ်ဆခန့်မြင့်တက်လာခဲ့ပြီး ကြန့်ကြာမှုအချို့လည်းရှိခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
“အခုကာလမှာလမ်းပိုင်းအခြေအနေတွေအရ ကားခတွေတက်လာတယ်။လမ်းကြေးတွေတက်နဲ့ နောက်ဆုံးတော့ဘယ်မှာသွားထိလဲဆိုရင်စားသုံးသူမှာသွားထိတယ်။ဒီကုန် ကျစရိတ်တွေကိုစားသုံးသူကပဲခံပေးလိုက်ရတဲ့သဘောဖြစ်သွားတယ်။ ကုန်သည်ကလည်းကုန်ကျစရိတ်တက်လာရင် ဒါကိုကုန်စည်မှာထည့်ပေါင်းမှာလေ၊ ကုန်သည်ကတော့ဘယ်အရှုံးခံမလဲ၊ ရက်ချီကြာပြီးသွားလာရတာတွေရှိတယ်။သဘာဝဘေးကြောင့်တခါတလေသွားမရတာတွေရှိတယ်၊တိုက်ပွဲတွေကြောင့်သွားမရတာတွေရှိတယ်။ပြောရရင်ကုန်သွယ်မှုမှာနှောင့်နှေးကြန့်ကြာမှုတွေကတော့ရှိနေပါတယ်”လို့ နယ်စပ်ကုန် သည်တယောက်က ဆက်ပြီးတော့ VOM ကို ပြောပြပါတယ်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)ကတော့ လက်ရှိကာလမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မကြာခဏပိတ်ရတာကြောင့် မြဝတီ ကနေ ဒေါနတောင်ကို ဖြတ်သန်းသွားလာရတဲ့ တောလမ်းကနေ ကုန်စည်နဲ့ ခရီးသည်တွေ ကူးသန်းနေရတာဖြစ်ပြီး အကျိုးဆက်အားအနေနဲ့ ကုန်စည်စီးဆင်းမှု နှောင့်နှေးတာနဲ့ နယ်စပ်ကုန်သွယ်မှုတန်ဖိုးကျဆင်းတာတွေ ကိုကြုံနေရတယ်လို့ ဆိုထားပါတယ်။
ဒါအပြင် ရေရှည်မှာတော့ စီးပွားရေးသမားနဲ့ ကုန်သည်တွေသာ နစ်နာရတာမဟုတ်ဘဲ စားသုံးသူပြည်သူတွေမှာလည်း အခြေခံကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေ စျေးခေါင်ခိုက်တာ၊ ရှားပါးပြတ်လပ်တာစတဲ့ ဒုက္ခတွေကို ခါးစည်းခံစားကြရပြီး ဒါကြောင့် အာရှလမ်းမကြီး တရားဝင်ပြန်လည်ဖွင့်လှစ် လည်ပတ်နိုင်ရေးဟာ နိုင်ငံအဆင့် နယ်စပ်ကုန်သွယ်ရေးအတွက်သာမက သာမန်ပြည်သူတွေအတွက်လည်း အသက်ရှူထွက် ပေါက်ပမာ အရေးကြီးနေတာာဖြစ်တယ်လို့ ISP-Myanmar က ရေးသားဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ကရင်ပြည်နယ်အတွင်းက မြဝတီနဲ့ ကော့ကရိတ်ဒေသတွေမှာဖြစ်ပွားခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ နစက တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စီးပွားရေးအရ အရေးပါတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို စုစုပေါင်း ငါးကြိမ်ထက်မနည်း ယာယီပိတ်ခဲ့ရတာဖြစ်ပါတယ်။
နောက်ဆုံးအဖြစ် ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲစချိန်မှစလို့ ပိတ်ထားတဲ့အာရှလမ်းမကြီးဟာ ယနေ့အချိန်အထိ ပြန်မဖွင့်နိုင်သေးဘူးလို့ ISP-Myanmar က သူတို့ရဲ့သုတေသနစစ်တမ်းတစ်စောင်မှာ ဖော်ပြထားခဲ့ပါတယ်။
လက်ရှိအချိန်ကာလအထိ နယ်မြေဒေသနဲ့ ဒေသတွင်း တိုက်ပွဲအခြေအနေတွေကြောင့် အာရှလမ်းမကြီးကို ပိတ်ထားရတဲ့အတွက် ခရီးသည်တင်ကားနဲ့ ကုန်ကားတွေဟာ လမ်းဟောင်းဖြစ်တဲ့ ဒေါနတောင်ဖြတ်ကျော်လမ်းနဲ့ တောလမ်းတွေကသာ ဖြစ်သလိုသွားလာနေကြရတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
“အာရှလမ်းမကြီးကဆို ကော့ကရိတ် မြဝတီကိုခဏပဲ၊အလွန်ဆုံးကြာတနာရီပဲ၊ အခုတောလမ်းတွေကနေမြဝတီ ကို တက်ရတော့လမ်းမှာအချိန်တွေကြာသလို၊ စရိတ်စကတွေလည်းပိုလာတယ်။ အဓိကကလမ်းပိုင်းအခက်အခဲကြောင့်ပါ။အောက်ကပစ္စည်းပို့ရင်လည်းကြာသလို ဒီကကုန်တွေဆင်းရင်လည်းပုံမှန်ထက်ရက်ပိုကြာသွားတဲ့သဘောပါ။အာရှလမ်းမကြီးပြန်ပွင့်ရင်တော့အားလုံးအဆင် ပြေသွားမယ့်သဘောရှိပေမယ့်၊ ဒီလမ်းမကြီးကဘယ်တော့ပြန်ပွင့်မလဲဆိုတာမသိဘူးလေ”လို့ မြဝတီမြို့ဒေသခံတယောက်က ထပ်လောင်း ပြောပြခဲ့ပါတယ်။
ဒီလိုလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဘားအံ – မြဝတီကားခဟာ ခရီးသည်တယောက်ဆိုပါက ကျပ်ခုနှစ်သောင်းအထိ စျေးနှုန်းမြင့်တက်လာခဲ့သလို ရန်ကုန်မြို့ကနေ မြဝတီမြို့အထိ ကားခဆိုပါက ခရီးသည်တယောက်ကို ကားခက ကျပ်တစ်သိန်းခွဲအထိ ပေါက်ဈေးရှိလာခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ဒေသခံတွေရဲ့ပြောပြမှုတွေနဲ့ နယ်စပ်ကုန်သည်တွေရဲ့အဆိုအရလက်ရှိမှာ မြဝတီ – ကော့ကရိတ် ဒေါနတောင်ဖြတ်ကျော်တောလမ်းတွေကနေ ကုန်တင်ယာဉ်တွေရဲ့မြို့ဝင်ကြေး၊ဂိတ်ကြေးကုန်ကျစရိတ်တွေဟာ ကျပ်သိန်းဆယ်ဂဏန်းအထက်မှာရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“လမ်းဟောင်းဘက်တွေကနေသွားရတာလေ၊ကျုံဒိုးဘက်တွေ ထော့ကို့ကိုးတောလမ်းဘက်တွေကနေသွားရတယ်။လမ်းမှာညအိပ်ရတာတွေရှိတယ်။တခါတရံ ၂၄ နာရီအတွင်းရောက်တယ်။တခါတရံ ၄၈ နာရီအတွင်းရောက်တယ်။မြဝတီကိုသွားလို့မရဘူးမဟုတ်ဘူး၊သွားလို့ရတယ်။ဒါပေမဲ့လမ်းဟောင်းကနေပဲရမယ်၊အဲဒီလိုတော့ရှိပါတယ်” လို့ ခရီးသွားဝန် ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတယောက်က လက်ရှိ မြဝတီလမ်းပိုင်းအခြေအနေကို ပြောပြခဲ့ပါတယ်။
VOM သတင်းဌာနက စုံစမ်းသိရှိထားတဲ့ အချက်အလက်တွေအရ ထို့ကော်ကိုး-မြဝတီလမ်းမှာ ယာဉ်ဖြတ်သန်းခအနေနဲ့ ကားလေးအိမ်စိီးကားဆိုပါက လိုင်စင်ကားအဖွဲ့စုံဂိတ်မှာ တစီးကိုငွေကျပ် ၃၀၀၀၀ ၊လတ်မှတ်ဂိတ်မှာ တစီးကို ၃၀၀၀၀ ကျပ်နဲ့ လိုင်စင်မဲ့ကားအဖွဲ့စုံဂိတ်မှာ တစီးကိုငွေကျပ် ၅၀၀၀၀၊လတ်မှတ်ဂိတ်မှာ တစီးကို ၅၀၀၀၀ ကျပ်ပေးဆောင်သွားလာနေရတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် Voxy , Starex ,အံစာတုန်းအစရှိတဲ့ ကားလတ်ဆိုပါက ကုန်နဲ့ လူဦးရေပေါ်မူတည်ပြီးဈေးနှုန်းသတ်မှတ်ထားသလို လိုင်စင်ကားက အဖွဲ့စုံဂိတ်မှာကျပ် ၁၀၀၀၀၀ ကနေကျပ် ၂၀၀၀၀၀ အထိ၊လတ်မှတ်ဂိတ်မှာကျပ် ၅၀၀၀၀ ကနေကျပ် ၈၀၀၀၀ အထိပေးဆောင်နေရသလို လိုင်စင်မဲ့ကားဆိုပါက အဖွဲ့စုံဂိတ်မှာကျပ် ၁၅၀၀၀၀ ကနေကျပ် ၃၀၀၀၀၀ အထိဈေးရှိနေသလို လတ်မှတ်ဂိတ်မှာဆိုပါက ကျပ် ၅၀၀၀၀ ကနေကျပ် ၁၀၀၀၀၀ အထိပေးဆောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ ကားကြီးဆိုပါက( ၁၈ ပေ၊၁၄ ပေ၊ ၁၀ပေ Light Truck,Hijet )အစရှိတဲ့ကားတွေ ကတော့ ကုန်နဲ့ လူဦးရေပေါ်မူတည်ပြီး ဈေးနူန်းသတ်မှတ်ထားကာ ဂိတ်ကြေးက ကျပ်နှစ်သိန်းကနေ ကျပ်လေးသိန်းအထိရှိနေသလို ဒါကလမ်းမှာပေးရတဲ့ ဂိတ်စခန်းငယ်တွေရဲ့ဂိတ်ကြေးတွေမပါဝင်သေးဘူးလို့ သိရပါတယ်။
မြဝတီမှ မဲပလဲ့တံတား-ဝှေ့ရှမ်းဘက်ပတ်ပြီဒေါနတောင်လမ်းဟောင်းဘက်ဆင်းပြီး ထီလုံလမ်းကြောသွားပါက BGF နဲ့ ကရင့်လက်နက်ကိုင်အဖွဲ့၊ ကရင့်လက်နက် ကိုင် PC အဖွဲ့ရဲ့ဂိတ်ပေါင်း ၅၀ ကျော်ကိုကားလေးတစ်စီးရဲ့ ပေးဆောင်ရတဲ့ ဂိတ်ကြေးနှုန်းထားတွေက BGF နဒီတံတားခ ၃၀၀၀(ည ၉ နာရီမှ ည ၁၂ နာရီအထိ တံတားအဝင် ၅၀၀၀ အထွက် ၅၀၀၀)၊BGF သဲပုံဂိတ် ၅၀၀၀၊BGF တောင်ထိပ်ဂိတ် ၃၀၀၀၊ထီးချားရာရွာဖြတ်ခ ၁၀၀၀၊BGF ထီးချားရာဂိတ် လက်ဖက်ရည်ဖိုးဘဲတောင်းစပရိုက်ရွာဖြတ်ခ ၁၀၀၀၊BGF မဲပလဲတံတားထိပ်ဂိတ် ၅၀၀၀၊BGF မဲပလဲ့တံတားဖြတ်ခ ၅၀၀၀၊မဲပလဲရွာဖြတ်ခ ၁၀၀၀၊PC မဲပလဲ့သင်ချိုင်းကုန်းဂိတ် ၅၀၀၀/၁၀၀၀၀ နဲ့ PC ဇရပ်ဖြူကျောင်းနားဂိတ် ၅၀၀၀၊BGF ဇရပ်ဖြူလမ်းဂွဂိတ် ၂၀၀၀/၃၀၀၀၊KNU ရွာအဝင်ဇရပ်ဂိတ် ၃၀၀၀/၄၀၀၀/၅၀၀၀၊PDF လက်မှတ်ဖြတ်ဂိတ် ၁၀၀၀၀၀(ကုန်အပြည့်နဲ့ကားလေးလက်မှတ်ဖြတ်ခ၊ ကုန်မပြည့်ပါက ၅၀၀၀၀/ ၈၀၀၀၀)ကြားအထိပေးဆောင်နေရပြီး PDF ဒေါနအရှေ့တောင်ခြေဂိတ် ၁၀၀၀၀၊ မိဖာလဲ့/PDF ဒေါနအနောက်တောင်ခြေဂိတ် ၂၀၀၀၀(တစ်ဖွဲ့တစ်သောင်းစီ)၊PDF လမ်းပြင်အဖွဲ့ဂိတ် ၅၀၀၀၊PDF ထမင်းဆိုင်ဂိတ် ၅၀၀၀ ၊KNU သစ်တံတားဂိတ် ၂၀၀၀/၃၀၀၀/၅၀၀၀ ၊သိဝါးရွာဖြတ်ခ ၅၀၀၀ (အရင်က ရွာအဝင် ၅၀၀၀ ရွာအထွက် ၅၀၀၀)၊PC မိဖာလဲ့ဂိတ် ၅၀၀၀(ယခင်က မိဖာလဲ့ PC ဂိတ်သည် ရွာဖြတ်ခ ၅၀၀၀၊ ကားလေးတစ်စီး ၁၀၀၀၀၊ ခရီးသည်တစ်ယောက် ၅၀၀၀ ကောက်ခံခဲ့)၊ထီးဖိုးစံရွာဖြတ်ခ ၅၀၀၀၊ PC ကျောက်တိုင်ဂိတ်အဆင်းပေးစရာမလို(အတက်ကားလေးအတွင်းကုန်အပြည့်ဆို ၁၅၀၀၀)၊PC တံတားဖြူဂိတ် ၅၀၀၀၊PC စေတီမုဒ်ဦးဂိတ် ၅၀၀၀၊ PC ၃၀၀၀ တန်ဂိတ် ၃၀၀၀၊PC ဂိတ် ၅၀၀၀၊နောင်တပွဲရွာဖြတ်ခ ၅၀၀၀၊PC ရွာသစ်ကုန်းလမ်းခွဲဂိတ် ၅၀၀၀၊PC ထန်းပင်ကုန်းဂိတ် ၂၀၀၀/၃၀၀၀/၅၀၀၀၊PC နဘူးလမ်းဆုံဂိတ် ၃၀၀၀/၄၀၀၀/၅၀၀၀၊PC အင်းရှည်ဂိတ် ၃၀၀၀/၅၀၀၀၊PC ညောင်ကုန်းဂိတ် ၂၀၀၀/ ၃၀၀၀/၅၀၀၀၊PC ဝဲကင်းအံဂိတ် ၂၀၀၀/ ၃၀၀၀/၅၀၀၀၊PC တံခွန်တိုင်ဂိတ် ၂၀၀၀/ ၃၀၀၀/၅၀၀၀၊PC ကြက်ဥတောင်လမ်းခွဲဂိတ် ၂၀၀၀/၃၀၀၀/၅၀၀၀၊၃ဝဝဝ၊ PC သရက်တောဂိတ် ၂၀၀၀/၃၀၀၀/၅၀၀၀၊BGF သရက်တောတံတားဂိတ် ၂၀၀၀/၃၀၀၀/၅၀၀၀၊ KNU ဂိတ် စေတနာရှိသလောက်နဲ့ PC ပတဂိတ် ၂၀၀၀/၃၀၀၀/၅၀၀၀၊BGF တောင်စွန်းဂိတ် ၂၀၀၀/၃၀၀၀/၅၀၀၀၊BGF ရေပူကြီးဂိတ် ၅၀၀ဝ၊PC ရေပူကြီးမရောက်ခင်ဂိတ် ၂၀၀၀/၃၀၀၀/၅၀၀၀၊BGF ကွီးကျယ်လမ်းခွဲဂိတ် ၂၀၀၀/၃၀၀၀/၅၀၀၀၊BGF နောင်ဘိုကြီးတံတားဂိတ် အဆင်း ၅၀၀၀ အတက် ၃၀၀၀၊BGF ကျောက်တောင်ဂိတ် ၅၀၀၀၊ထီလုံရဲ ၅၀၀၀ ၊BGF စက်မှုဇုန် ၅၀၀ဝ၊စက်မှူဇုန်ရဲစခန်း ၅၀၀၀၊BGF တောင်ကလေးမြို့အဝင်အဖွဲ့စုံဂိတ် ၁၁၀၀၀ ပေးဆောင်နေရတယ်လို့ မြဝတီမြို့ ဒေသခံကုန်သည်တွေက ပြောပါတယ်။
ဒါအပြင် မဲပလဲ့-ဝှေ့ရှမ်းဘက်မပါတ်ဘဲ မြဝတီဇုန်ဘက်ကလာပါက BGF ညီနောင်မြို့သစ်ဂိတ် ၃၀၀၀၀၊KNU/PDF ဂိတ် ၅၀၀၀/၁၀၀၀၀ ပြီးပါက လက်မှတ်ဖြတ်ဂိတ်မှာ တန်းစီလက်မှတ်ဖြတ်ရတယ်လို့ ဒီလမ်းပိုင်းတွေမှာဂိတ်ကြေးပေးဆောင်ရမှုတွေနဲ့ပတ်သက်လို့ ကုန်သည်တွေက ဆိုပါတယ်။
“ရန်ကုန်ကနေ မြဝတီရောက်တဲ့အထိ အစစ်ဆေးအရမ်းများပါတယ်။အခုဘားအံ-မြဝတီလမ်း လက်ရှိအခြေနေက တချို့နေရာတွေမှာလမ်းအရမ်းဆိုးလွန်းတယ်။၁၃/မှတ်ပုံတင်ကိုင်ထားတဲ့သူတွေနဲ့ တရုတ်တွေကို သွားလာခွင့်ပိတ်ထားတယ်။တချို့နေရာတွေမှာဆိုဂိတ်ကြေးတောင်းတာက အတော်လေးကြမ်းတယ်”လို့ အမည်မဖော်လိုသူ ခရီးသွားတယောက်က သူရဲ့သွားလာမှုအတွေ့အကြုံကို ပြန်လည် ပြောပြခဲ့ပါတယ်။
မြဝတီ-ကော့ကရိတ်လမ်းပိုင်းဟာ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက်အလွန်အရေးပါတဲ့ အသက်သွေး ကြောလမ်းမကြီးတစ်ခုဖြစ်တဲ့ အတွက် ယခုနှစ်၊စက်တင်ဘာလအတွင်းမှာ နစကရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်စောမြင့်ဦးနဲ့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီးတို့ဟာ ကရင်ပြည်နယ်အတွင်းက ဘားအံမြို့မှာ အာရှလမ်းမကြီး ပြန်ဖွင့်နိုင်ရေးနှစ်ဖက်ညှိနှိုင်းမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဘားအံမြို့မှာပြုလုပ်ခဲ့တဲ့ အဲ့ဒီဆွေးနွေးပွဲမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ-၆ ၊တပ်မဟာ-၇၊ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)၊ကရင် အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့လည်းပါဝင်ခဲ့တယ်လို့ ဆိုထားပါတယ်။
သို့သော်လည်း ယနေ့အချိန်အထိ အာရှလမ်း မကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ယခင်ဒေါနတောင်ဖြတ်ကျော်လမ်းဟောင်းတွေဖြစ်တဲ့ ဒေသတွင်းတောလမ်းတွေကိုသာ နယ်စပ်ကုန်သည်တွေနဲ့ ခရီးသွားတွေကအသုံးပြုသွားလာနေရတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
Photo – CJ