နစက ဥက္ကဋ္ဌ ရဲ့တရုတ်ပြည်ခရီးစဉ်က ဘာတွေအကျိုးသက်ရောက်မှုရှိစေခဲ့သလဲ

နိုဝင်ဘာ ၁၂ – ၂ဝ၂၄
KKO(VOM)
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ဖိတ်ကြားမှု
အရ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ်သွားရောက်ခဲ့တဲ့နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရအဖွဲ့ရဲ့တရုတ်ပြည်ခရီးစဉ်ဟာ နိုင်ငံတကာ မျက်နှာစာမှာ တရားဝင်မှု (Legitimacy)ကို ပြသလိုက်တာဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာစောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ရှုမြင်သုံးသပ်ပါတယ်။
တရုတ်ပြည်ခရီးစဉ်အတွင်း နစက ဥက္ကဌ ကို တရုတ်နိုင်ငံဘက်က ကော်ဇောနီနဲ့ ခင်းကျင်းပြီးတခမ်းတနားကြိုဆိုခဲ့တာတွေ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ ဆုံဆွေးနွေးခဲ့တာတွေဟာ အစိုးရတရပ်ရဲ့တရားဝင်မှု Legitimacy ဆိုတာကိုဘယ်လိုမှ ငြင်းလို့မရနိုင်တဲ့အချက် ဖြစ်လာခဲ့ပါတယ်။
တဆက်တည်းမှာပင် နစက ဥက္ကဋ္ဌအနေနဲ့ တရုတ်ပြည်ခရီးစဥ်အတွင်း အာဆီယံထိပ်သီးအစည်းအဝေးနဲ့ စီးပွားရေးဆိုင်ရာအစည်းအဝေးတွေကိုတက်ရောက်ခဲ့တာကိုကြည့်ခြင်းအားဖြင့်လည်း ဒါဟာ တရုတ်- မြန်မာနှစ်နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ ခေတ်သစ်ဆက်ဆံရေးကိုအစပျိုးလိုက်ခြင်းဖြစ်တယ်လို့ ဆိုရမှာပါ။
“ဒီခရီးစဉ်က ထူးခြားမှုတွေရှိနိုင်သလို တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးအတွက်လည်းကောင်းသောလက္ခဏာလို့ သုံးသပ်လို့ရပါတယ်။အကျိုးကျေးဇူး ရလဒ်ကောင်းတွေကို ဒီခရီးစဉ်ကနေရလာခဲ့တယ်။တရုတ်-မြန်မာဆက်ဆံရေးကို သုံးသပ်ရရင် ဒါက နှစ်နိုင်ငံလုံးက ခေတ်သစ်ဆက်ဆံရေးကိုအစပျိုးလိုက်ခြင်းဖြစ်ပါတယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။
နစက ဥက္ကဋ္ဌ အနေနဲ့ တရုတ်ပြည်ခရီးစဉ်
အတွင်း ကူမင်းမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ အဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion (GMS)၊ (၁ဝ)ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးတို့ကိုလည်းပါဝင်တက်ရောက်ခဲ့သလို တရုတ်လုပ်ငန်းရှင်များစွာနဲ့လည်း‌တွေ့ဆုံခဲ့ပါတယ်။
ဒီလိုထိပ်သီးအစည်းအဝေးတွေကိုတက်ရောက်ခဲ့တာကိုကြည့်ခြင်းအားဖြင့် ဒါဟာအနာဂတ်မြန်မာ့စီးပွားရေးအတွက်အလား အလာကောင်းတွေလို့ဆိုရမှာဖြစ်ပြီး လာမယ့်နှစ်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းနဲ့အခွင့် အလမ်းတွေများစွာဝင်ရောက်လာနိုင်ဖွယ်ရာအနေအထား တရပ်ဖြစ်တယ်လို့လည်း နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
ဒါအပြင်နိုင်ငံအချင်းချင်း သဘောတူစာချုပ်တွေအပါအဝင် နိုင်ငံတကာကတိကဝတ်တွေကိုလည်းမြန်မာနိုင်ငံကဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နစက ဥက္ကဋ္ဌက တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးမှာ အတိအလင်းပြောကြားထားခဲ့တာဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေအပြင် နစကဥက္ကဋ္ဌ အနေနဲ့ မဲခေါင်ဒေသအတွင်း ၅ နိုင်ငံဖွဲ့စည်းထားတဲ့ ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာ ဗျူဟာ(အက်မက်စ်)ရဲ့အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်သွားဖို့ရှိနေပြန်ပါတယ်။
ဒါကြောင့်ယခုခရီးစဉ်ဟာ တရုတ်နိုင်ငံတင်မကဘဲ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့တာဖြစ်လို့ ဒီခရီးစဉ်ဟာ မြန်မာပြည်သူလူထုရဲ့လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးကိုပဲ အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုခရီးစဉ်အပြီးမှာ ထုတ်ဖော်ပြောကြားထားပါတယ်။
“အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကိုရရှိအောင် ဆွေးနွေးနိုင်ခဲ့ပါတယ်။ နောက်တစ်ခု စီးပွားရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ကူမင်းနဲ့ ချုံချင့်မှာလည်း တွေ့ဆုံခဲ့တယ်။အောင်မြင်မှုရခဲ့တယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ယခုခရီးစဉ်မှာ ဒီလိုအကျိုးကျေးဇူးရလဒ်တွေအပြင် တရုတ်နိုင်ငံရဲ့One Belt One Road စီမံကိန်းစတဲ့ မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ -တရုတ်စီးပွား ရေးစင်္ကြန်စီမံကိန်းတွေနဲ့ ပတ်သက်ပြီးလို့လည်း မကြာမီ
တိုးမြှင့်လာနိုင်မယ်လို့မျှော်လင့်ရပါတယ်။
ဒါကြာင့် နစက ဥက္ကဌရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အကျိုးရလဒ်ကောင်းတွေများစွာကိုရရှိစေခဲ့တယ်လို့သာ အကြမ်းဖျဉ်းအားဖြင့် ဆိုရမှာဖြစ်ပါတယ်။
လက်ရှိ နစက အစိုးရအဖွဲ့ရဲ့နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေကိုပြန်ကြည့်ရင်လည်း ကမ္ဘာ့တကယ့်အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ နီးကပ်တဲ့ဆက်ဆံရေးတွေရှိနေသလို တရုတ်နိုင်ငံနဲ့လည်းကောင်းမွန်တဲ့ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိနေတာဖြစ်ပြီး ဒေသတွင်းအာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာလည်းကောင်းမွန်တဲ့အနေအထားတစ်ရပ်ရှိ‌နေခဲ့တာကိုတွေ့ရပါတယ်။
နစကဥက္ကဌ တရုတ်နိုင်ငံကိုသွားရောက်နေတဲ့
အချိန်မှာပင် ရုရှားနိုင်ငံသမ္မတကလည်း မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံဆက်ဆံရေးတွေကို ဆက်လက်အားပေးနေသလို မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေးဟာ စစ်မှန်တဲ့ဆက်ဆံရေးဖြစ်တယ်လို့ ပြောကြားမှုတွေကရှိလာပါတယ်။
တဆက်တည်းမှာပင် နစက ဥက္ကဋ္ဌရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ ရှမ်းမြောက်ဒေသကလက်နက်ကိုင်ပဋိပက္ခတွေကိုလည်းတမျိုးတဖုံပြောင်းလာနိုင်ဖွယ်ရာရှိနေပြီး ယခုခရီးစဉ်ဟာ မြောက်ပိုင်းသုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA လက်နက်ကိုင်အဖွဲ့တွေကိုမျက်ခုံးလှုပ်‌စေခဲ့တာကတော့ အမှန်ပဲလို့
ဆိုရမှာဖြစ်ပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်မှ
စလို့အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးကိုအကောင် အထည်ဖော်ထားတဲ့ ထိုကာလအတွင်း လက်နက်ကိုင်အဖွဲ့တွေကတိုက်ခိုက်လာမှသာ တပ်မတော်က ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်သလို ထိုအဖွဲ့တွေက မြန်မာအစိုးရရဲ့၂၀၂၂ ခုနှစ်၊ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကိုလည်းငြင်းပယ်ခဲ့ကြတာဖြစ်တဲ့အကြောင်း နစက ဥက္ကဋ္ဌ က တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နဲ့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့စဉ်မှာ ထည့်သွင်းပြောကြား လိုက်ပါတယ်။
မြောက်ပိုင်းသုံးဖွဲ့အနေနဲ့ ဖြစ်လိုသည်ကိုရှေ့တန်း တင်မယ့်အစား ဖြစ်သင့်သည်ကိုလုပ်ဆောင်ဖို့လိုတယ်လို့လည်း နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုခရီးစဉ်အတွင်းမှာ တိုက်တွန်း‌ပြောကြားထားခဲ့ပါတယ်။
ဒါအပြင် MNDAA၊ TNLA နဲ့ AA အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားရင် မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးဖို့အသင့်ရှိနေတယ်လို့လည်း နစက ဥက္ကဋ္ဌက ဖိတ်ခေါ်ပြောကြားပြန်ပါတယ်။
ဒီလိုအခြေအနေတွေအပေါ် တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang ဘက်ကလည်း တရုတ်နိုင်ငံအတွင်းအခြေပြုပြီး မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှု‌တွေကိုလက်သင့်ခံမှာမဟုတ်ဘူးလို့ အတိအလင်းပြောဆိုထားသလို မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံမှ အပြည့်အဝထောက်ခံအားပေးကူညီသွားမှာဖြစ်သလို အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမယ်လို့ တရုတ်ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါဟာမြောက်ပိုင်းသုံးဖွဲ့လုံးအတွက်မျက်ခုံးလှုပ်‌စရာကောင်းခဲ့တာကတော့အမှန်ပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပြီး နစက ဥက္ကဋ္ဌရဲ့ တရုတ်ခရီးစဉ်နောက်ပိုင်း ရှမ်းမြောက်ဒေသကလက်နက်ကိုင် ပဋိပက္ခတွေဟာ တမျိုးတဖုံပြောင်းလဲသွားမလားဆိုတာကလည်း စိတ်ဝင်စားဖွယ်ရာကောင်းနေခဲ့ပါတယ်။
ဒါကြောင့်မို့ နစက ဥက္ကဋ္ဌ ရဲ့ယခုတရုတ်ပြည်ခရီးစဉ်ဟာ မြန်မာနိုင်ငံအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်စေမလဲဆိုတာကလည်း စိတ်ဝင်တစားနဲ့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW