ဆူးငှက်
ဆယ်တန်းအောင်လို့ ဆုချတာတဲ့
—————————————
စောစောက ကျွန်တော်ပြောသလိုပါပဲ။ အိမ်နှင့် ဆွေမျိုးတွေကပါ ခေါင်းပူနေကြတာ။ ကျွန်တော်က ဝတ္ထုတွေထဲက ဇာတ်လိုက်တွေလို ရန်ကုန် တက္ကသိုလ်လောက် စိတ်ကူးယဉ်နေသူလေ။ သည်လိုနှင့် နောက် တစ်ပတ်လောက်နေတော့ မုံရွာက မမခင်ရီ ရောက်လာသည်။ မမ က ကျွန်တော် ၁၀တန်းအောင်လို့ဟု ဆိုကာ ဆုချမည်ဆိုသည်။ ထိုစဉ် ရပ်ကွက်သမဝါယမ လူကြီး ဦးလေးပုက သမဝါယမဆိုင်မှာ နေရှင်နယ်အမျိုးအစား စာပွဲတင်ရေဒီယို ၁လုံး ခွဲတမ်းချဖို့ ရှိတယ်။ မင်းတို့ လိုချင်ရင် ခွဲတမ်းချပေးမယ်ဟု ပြောတော့ မမခင်ရီက ထိုရေဒီယိုကို သမဝါယမဆိုင် ထုတ်ဈေးနှင့် ဝယ်ပေးသည်။ ထိုစဉ်က ရေဒီယိုလေးကို သမဝါယမဆိုင်သို့ မမခင်ရီနှင့် သွားထုတ်ရစဉ် ပျော်သော အပျော်မှာ မာစီဒီဘင် ကားအသစ်ကြီး ရှိုးရွန်းက သွားထုတ် ရသကဲ့သို့ဟု နှိုင်းချင်လှသည်။
ဆိုင်အတွင်း ဥက္ကဋ္ဌ ဟူသော စာတန်းလေး ထောင်ထားသည့် စာပွဲမှာ ဦးလေးပုက ခွဲတမ်းလက်မှတ် ရေးပေးတာ၊ ထိုလက်မှတ်ထိုး စာရွက်လေးကိုကိုင်ပြီး ဘေးနားက ဆိုင်တာဝန်ခံဟု စာတန်းလေး ထောင်ထားသည့် စာပွဲမှာ တာဝန်ခံ ကိုရဲမြင့်ကို ပေးလိုက်တော့ ကိုရဲမြင့်က ရှေ့ရှိ လယ်ဂျာစာအုပ်ထဲက ရေဒီယို နာမည် တံဆိပ်နှင့် နံပတ်တွေကို သမဝါယမစာအုပ်ထဲ ရေးပြီး ကျသင့်ငွေ ၁၅၁ကျပ် ၃၅ပြားဟု ရေးကာ လက်မှတ်ထိုး၍ ပြေစာဖြတ်သည်။ မမခင်ရီက အနုတ်မပါသောကြောင့် ၁၆၀ ကျပ်ပေးတော့ ကိုရဲမြင့် က ကဲ ကျွန်တော်ကလည်း မောင်ကျော်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဓာတ်ခဲ ၄လုံး ဝယ်ခွင့် ပေးလိုက်ပါမယ်ဗျ။ ဒီတော့ ဓာတ်ခဲဖိုးပါ ပေါင်းလိုက်ပါမယ်ဟု ဆိုပြီး ၄ကျပ်ပြန်အမ်းသည်။ ကိုရဲမြင့်ကလည်း စိုင်ပြွန်ရိပ်သာ ဝင်းပေါက် အရှေ့ဘက်ရှိ ကျွန်တော်တို့ သဖန်းနွယ် ဦးလေး ဦးထင်လှ နှင့် ဒေါ်ဒေါ်ရင်တို့ သားဖြစ်သည်။ သူတို့က အိမ်မှာ ကုန်စုံဆိုင် ဖွင့်ထားသည်။ ပြည်သူပိုင် စသိမ်းပြီးနောက် သူတို့ ကုန်စုံဆိုင်က ပ.ပ.က လ ကုန်မျိုးစုံ လက်လီဆိုင်ဖြစ်သွား၏။ ဦးလေးဦးထင်လှ နှင့် ဒေါ်ဒေါ်ရင်၏ သားလတ် ကိုရဲမြင့် က ၁၀တန်းအောင်မို့ ထိုကတည်းက ဆိုင်တာဝန်ခံ ဖြစ်ခဲ့တာ အခု အခြေခံ သမဝါယမအသင်းမှာထိ ဖြစ်သည်။
ကျွန်တော့် အသည်းကျော် နေရှင်နယ် ရေဒီယိုလေး
——————————————————
ပြေစာတွင် ပစ္စည်း ထုတ်ပေးရန်ဟူသော တံဆိပ်တုံးကိူ မင်ခံခွက်နှင့် ဖိပြီး ဒုံးခနဲ ရိုက်နှပ်ပေးပြီး ကုန်ဝယ်စာအုပ်ထဲ ညှပ်၍ ပြန်ပေးတာ၊ ထိုစာအုပ်ကို ဘေးက ဆန်ဇလားနား ရပ်၍ အိတ်ထဲက ဆန်ကို ဇလားထဲ ပြီတောင်းနှင့် ချင့်ထည့်နေသော အရောင်းစာရေး မခင်လေးဆွေကို ပေးတော့ ခဏကိုင်ထားဦးဟု ဆိုကာ ဇလားပြည့်အောင် ဆန်ထည့်ပြီးမှ လက်ကို အနားရှိ ပုဆိုးေဧာင်းတစ်ထည်တွင် ခါကာ စာအုပ်ယူ၍ ပြေစာကို ကြည့်တာ၊ ထို့နောက် နံရံက ဗီရိုကိုဖွင့်၍ ရေဒီယိုထည့်သည့် ဂျပ်ပုံးကို ဖွင့်တာ၊ ရှေ့ကောင်တာရှိ ဘူးထဲက ဓာတ်ခဲ ၄လုံးယူပြီး ရေဒီယိုထဲ ထည့်တာ၊ ရေဒီယိုကို ဖွင့် ပြတာ၊ ရပြီနော်ဟု ပြောပြီး ရေဒီယိုကို ပြန်ပိတ်၊ ဂျပ်ပုံးထဲ ပြန်ထည့်တာ၊ ပြေစာကိုယူပြီး ကုန်ထုတ်ပေးပြီးဟု တံဆိပ်တုံး ထုတာတွေကို ကျွန်တော်က ရင်ခုန်စွာ ကြည့်ရင်း မိုးမမြင် လေမမြင် ဝမ်းမြောက်နေသည်။ အထူးသဖြင့် ရေဒီယိုထည့်သည့် ဂျပ်ပုံးကိူဖွင့်ပြီး ရေဒီယိုလေး ထုတ်လိုက်ချိန် သင်းခနဲ ရလိုက်သည့် ရေဒီယိုက ထင်းရှူးသား အနံ့လေးက အခုထိ သတိရ စွဲမက်နေဆဲ ဖြစ်သည်။
ကျွန်တော်က ရေဒီယိုဂျပ်ပုံလေးကိုပွေ့ကာ မမခင်ရီနှင့် အတူ အိမ်ပြန်လာတော့ ခေါင်းမော့ ဝံ့ကြွားနေမှာ သေချာသည်။ အိမ်သို့ ရောက်သည်နှင့် ဂျပ်ပုံးထဲက ရေဒီယိုလေး ထုတ်ပြီး အဘနှင့် အမေကို ဖွင့်ပြရသည်။ အဘက ဒို့လည်း နားမထောင်ဖြစ်ပါဘူးကွာ၊ မင်းအခန်းထဲ ယူထားပေါ့ဟု ပြောတော့ အပျော်ကြိးပျော်ရသည်။ ရေဒီယိုလေးကို ကျွန်တော့် အခန်းထဲက ဗီရိုအပေါ်ကို အောက်က ပိတ်စလေးခံပြီး တင်လိုက်သည်။
ထို့နောက် ကောင်းကင် ဧရိယာ ကြိုးတွေ မလိုအပ်ဘဲ တပ်ဆင်၊ မြေကြီးထဲ ဝါယာတွေမြှုပ်၊ တစ်နေကုန် အလုပ်ရှုပ်နေတော့သည်။ ဘာပဲပြောပြော အိမ်တော့ မြဲသွားသည်။ ညတိုင် ညဈေးတန်းကိုတော့ သွားဖြစ်နေသော်လည်း ပြန်လာသည်နှင့် ရေဒီယိုလေးနားက မခွာဘဲ အသံလွှင့်ချိန်ပြီးဆုံးချိန် လွှင့်သော `ကမ္ဘာမကြေ´သီချင်းကိုပင် ဆုံးသည်ထိ နားထောင်သည်။
ရေဒီယို ပရိသတ်တွေ
—————————
ထိုစဉ်က ရေဒီယိုလေးကို စွဲစွဲမြဲမြဲ နားထောင်ဖြစ်တာက သောတရှင်လိုရာကြောင့်လား၊ စနေနေ့လယ် ရုပ်ရှင်သီချင်းကြောင့်လား၊ ဒါပေမယ့် ခင်သစ်လွင်၏ ပန်းရည်ဘဏ်တိုက် သီချင်းလေးကို အခုထိ သတိတရ ဖြစ်နေတာက ရေဒီယိုလေး ကျေးဇူးကြောင့် ဖြစ်ပါသည်။ နောက်တော့ ဓာတ်ခဲက မခံနိုင်တော့။ ဓာတ်ခဲကိုလည်း သမဝါယမက ထုတ်မရတော့ ရေဒီယိုလေး နေ့စဉ် အသံထွက်ဖို့က ကြံစည်ရပြန်သည်။ ထိုစဉ်က အိမ်ကလေးမှာ လျှပ်စစ်မီးမရှိ၊ ထို့ကြောင့် ရေဒီယိုကလေးကို ခြောက်ဗို့ ဘက်ထရီလေးနှင့် ဖွင့်ရသည်။ ထိုအခါ ဘက်ထရီလေး ကြာကြာခံအောင် ရေအေးအေး လောင်းပေးတာ၊ ဘက်ထရီညှပ်ကလစ်တွေ ချေးမတက်အောင် ရေနွေးစိမ်တာ…နေ့စဉ်အလုပ်ပို ဖြစ်နေသည်။
တစ်ခါတစ်ရံ စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်တွေမှာ နေ့လယ် နှစ်နာရီကျော်ပေမယ့် နိုင်ငံခြား အသံတွေ လှည့်ဖမ်းရင်း သူတို့သီချင်းတွေ နားထောင်တော့ ဈေးရောင်းအပြန် တစ်မှေးနှစ်မှေး အိပ်ချင်သော အမေက လှမ်းပြီး ဆူငေါက် တတ်သည်။ ဒါပေမယ့် အဘက ဗုဒ္ဓဟူး တစ်ပတ်ခြား စာဟောနှင့် ကြာသပတေးနေ့ ဆိုင်းအဖွဲ့ ဖျော်ဖြေခန်းမှာဆို ပင်တိုင် ပရိသတ် ဖြစ်နေပါသည်။ ကြာသပတေးနေ့ တစ်ညမှာတော့ အဘ အသည်းစွဲ စိန်ဘညို ဆိုင်းအဖွဲ့ ဖျော်ဖြေခန်း လာဖို့ ကြေညာထားသည်။ စိန်ဘညိုနှင့် ပတ်သက်၍ ပုဂ္ဂိုလ်စွဲကြီးလွန်းသော အဘမှာ ညနေ ကတည်းက ရေဒီယိုလေးနား တရစ်ဝဲဝဲ ဖြစ်နေပြီ။ ဘက်ထရီလေး အားပြည့် ရဲ့လားဟု ကျွန်တော့်ကို စိုရိမ်တကြီး မေးတော့သည်။ ညရှစ်နာရီထိုးတော့ ကိုကိုစိန်လှိုင်တို့၊ ကိုထွန်းကြွယ်တို့၊ ကိုမွတ်စိတို့ပါမကျန် အိမ်ရှေ့ ကွပ်ပျစ်လေးပေါ် ရောက်နေကြပြီ။
ရှစ်နာရီ သတင်းတွေ ကြေညာအပြီး အခုအချိန်ကစပြီး ဆိုင်းအဖွဲ့ဖျော်ဖြေခန်းကို ထုတ်လွှင့်တော့မှာမို့ ဒီတစ်ပတ် မန္တလေးစိန်ဘညို ဆိုင်းအဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုကို နားဆင်နိုင်ပါပြီရှင် ဟု အစီအစဉ်ကြေညာသူ၏ အသံအဆုံး ဆိုင်းတီးလုံးသံ စလျှင်ပဲ အဘ က ကျွန်တော့်ကို ရေဒီယို အသံချဲ့ဖို့ လက်လေးလှည့်ကာ အချက်ပြသည်။ ကျွန်တော်က ရေဒီယိုအနား အသင့် အနေအထားနှင့် စောင့်နေရ၏။ အဘနှင့် အစ်ကိုများ ဦးလေးများ စိန်ဘညို ကြိုက်လိုက်ကြပုံများ ရေဒီယိုထဲက ဆိုင်းအဖွဲ့ကြီး တီးမှုတ်ထွက်လာလို့လား အောက်မေ့ရအောင် မျက်တောင်မခတ်တမ်း ကြည့်ရင်း နားစွင့်နေကြသည်။
ထိုစဉ် အိမ်နောက်ဘက်လမ်းက ဦးလေးသန်း၏ စက်ဘီးဆိုင်ကယ် စက်နှိုးသံက ဆူညံလာတော့ မကျေမနပ် ဖြစ်ကြသေး၏။ တော်ပါသေး၊ ဦးလေးသန်း စက်ဘီးဆိုင်ကယ်က တခဏနှင့် စက်နိုးသွားလို့ အခါတိုင်းလို နာရီဝက်လောက် တဖုံးဖုံးတဒိုင်းဒိုင်း စက်နှိုးနေရလျှင် ခက်ရချည့်။ သို့သော် စိန်ဘညို၏ လက်စွမ်းပြ နောက်ပိုင်းတီး ဆစ်ကြီးတီးလုံးက ကိုးနာရီ ထိုးသွားသောကြောင့် ဆုံးအောင် လွှင့်မသွားသော မြန်မာ့အသံကို တဖျစ်တောက်တောက် ပြောမပြီး ဖြစ်ခဲ့ကြသည်။
တရားဝင် ရေဒီယို ပိုင်ရှင်
—————————–
အမေကမူ အခါကြီး ရက်ကြီးတွေမှာ လွှင့်တတ်သည့် ရွှေမန်းတင်မောင်၏ ဖွားတော်မူခန်း၊ တောထွက်ခန်းများ ဆိုလျှင် တုံးလုံးပက်လက်လှဲရင်း ယပ်တဘုံးဘုံးခတ်ကာ နားထောင် နေတတ်သည်။ အိမ်က အစ်မများက စနေနေ့ ဇာတ်လမ်းပမာ နားဆင်စရာပရိသတ်ဖြစ်သည်။ ကိုမောင်ဒွေးတို့ ကိုမန်းမောင်တို့က တနင်္ဂနွေနေ့ ရုပ်ရှင်သီချင်း အစီအစဉ်ကို စောင့်နေကြသည်။ ကျွန်တော်ကတော့ ဘာရယ်မဟုတ် ရေဒီယိုလေးက အသံထွက်နေလျှင်ပင် ကျေနပ်နေသည်။ အဘက ရေဒီယိုလေး ရောက်ပြီး ၂ပတ်လောက်ကြာတော့ မင်းရေဒီယို လိုင်စင်လုပ်ဦးနော်ဟု သတိပေးသည်။ ရေဒီယို လိုင်စင်ကို ဘယ်လိုလုပ်ရမလဲ ဆိုတာ သမဝါယမအတွင်းရေးမှုး ကိုအေးကြီးကို မေးကြည့်တော့ အိမ်တော်ရာစာတိုက်မှာတင် လုပ်လို့ရတယ်ဟု ပြောသည်။
ထို့ကြောင့် ဆင်တံတား ခါးပြတ် ၈၇လမ်း ပန်းကန်ဦးစိန်တိုက်နှင့် မျက်နှာချင်းဆိုင် အိမ်တော်ရာစာတိုက်မှာ ရေဒီယို လိုင်စင် ပြုလုပ်တော့ စာတိုက်စာရေးမက နေရှင်နယ် အမျိုးအစား စာပွဲတင်ရေဒီယို၊ ပိုင်ရှင်အမည် က ဘယ်သူလဲဟု မေးသောအခါ ပိုင်ရှင် မောင်ကျော်ဆန်း မှတ်ပုံတင်က W.Mdy ၃၄၃၅၆၈ ဟု ပြောတော့ လိုင်စင်စာအုပ်ထဲ ထ်ူအတိုင်းရေးမှတ်နေသည်ကို ကြည့်ရင်း ကျွန်တော့်မှာ ရင်တွေခုန်နေသည်။ ကျွန်တော့်ဘဝမှာ စာချုပ်စာတမ်းနှင့် တရားဝင် ပိုင်ဆိုင်သည့် ပစ္စည်းလေ။ မှတ်မှတ်ရရ ရေဒီယို လိုင်စင်ပြုလုပ်ပြီး အိမ်သို့ ပြန်အရောက် နောက်ထပ် ဝမ်းသာစရာ သတင်းတစ်ခုကလည်း ဆီးကြိုနေပြန်၏။
