မြောက်ဦး၊ ဇွန် ၂၅-၂၀၁၉
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ ခြောက်မိုင်ခန့်အကွာမှာရှိတဲ့ ဝေသာလီဆုတောင်းပြည့်ဘုရားကြီးသိမ်မှာ အလုပ်လုပ်ကိုင်နေရင်း ရွာကိုထမင်းစားပြန်တဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရသူတွေထဲက တစ်ဦး သေဆုံးသွားပြီ ဖြစ်ပါတယ်။
အဲ့ဒီသေဆုံးသူဟာ မြောက်ဦးမြို့နယ်မြောက်ဘက် ပေါက်တောပြင်ကျေးရွာမှာနေထိုင်သူ မောင်နေမျိုးထွန်း ၂၃ နှစ်ဖြစ်ပြီး ဇွန်လ ၂၀ ရက်က တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။ သူနဲ့အတူ လက်သမားငါးဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဘူးရွက်မညိုးကျေးရွာသား နှစ်ဦးကိုတော့ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
“ဘုရားကနေ အလုပ်လုပ်ပြီး ထမင်းစားဖို့ပြန်လာတဲ့အချိန်မှာ တပ်ကဖမ်းသွားတာပါ။ မိသားစုတွေနဲ့ တွေ့ခွင့်မရလိုက်ဘူး။ မနေ့ကမှ သူ့အလောင်း ကျောက်တော်ဆေးရုံကို ရောက်နေတယ်လို့ ပြောတဲ့အတွက် သိရတာပါ။”လို့ မိသားစုဝင် ဦးကျော်သိန်းထွန်းက ပြောပါတယ်။
အဲ့ဒီ ဝေသာလီကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားတဲ့သူတွေဟာ AA နဲ့ဆက်စပ်သူတွေဖြစ်တဲ့အတွက် လိုအပ်ချက်အရ ဖမ်းဆီးထားတာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
“သူကတော့ AA တပ်ဖွဲ့ဝင် မဟုတ်ဘူး။ AA နဲ့အဆက်အသွယ်လည်း မရှိဘူး။ ကားမောင်းတယ်၊ လက်သမား၊ ပန်းရံလုပ်တယ်။ ရိုးရိုးကုတ်ကုတ် လုပ်စားနေတာပါ။ သုံးနှစ်လောက်ရှိပါပြီ။”လို့ သေဆုံးရဲ့ ဦးလေးဖြစ်သူ ဦးမောင်လှထွန်းက ပြောပါတယ်။
အဲဒီ သေဆုံးမှုနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ “ဒီကလေးက နေမကောင်းလို့ ကျောက်တော်ဆေးရုံပို့ ကုနေတုန်း သေဆုံးတာ။” လို့ ဆိုပါတယ်။
မိသားစုဝင်တွေကတော့ သေဆုံးသူ မောင်နေမျိုးထွန်းကို ၂၃ ရက် ည ၁၁ နာရီလောက်မှာ တပ်မတော်ကနေ ကျောက်တော်ဆေးရုံကို လာရောက်ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ကားပေါ်ကပြုတ်ကျ သေဆုံးသွားတာ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ပြန်လည်ပြောဆိုပါတယ်။
#voiceofmyanmar # လက်သမားလုပ်ရင်းဖမ်းဆီးခံရသူတွေထဲကတစ်ဦးသေဆုံး# ရက်ပိုင်းအကြာ #ရခိုင် #မြောက်ဦး # ဝေသာလီဆုတောင်းပြည့်ဘုရားကြီး