လက်ပံတန်း၊ ဇွန် ၂၆ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းနဲ့ စေတီတော်တွေမှာရှိတဲ့ စိန်ဖူးတော် ၃၀ ကျော် မနေ့ညနေပိုင်းက ခိုးယူခံရတယ်လို့ အဲဒီကျေးရွာတွေက သိရပါတယ်။
“ချမ်းသာကုန်းဘုန်းတော်ကြီးကျောင်းမှာ မနေ့ညနေ ငါးနာရီဝန်းကျင်လောက်က ဘုရားမီးပူဇော်တဲ့အချိန်မှာ စိန်ဖူးတော် အခိုးခံရတာကို သိရတာပါ။ ကွမ်းခြံကုန်းအုပ်စုက စေတီတော်တွေက အရံစေတီတော်တွေရဲ့စိန်ဖူးတော်တွေပါ အခိုးခံရတယ်။ နောက်ကျေးနီကျေးရွာက ကိုးနဝင်းကပ်ကျော် စေတီတော်ကစိန်ဖူးတော်၊ အားလုံးခန့်မှန်းခြေ ၃၀ကျော်ခိုးယူခံရပါတယ်။”လို့ ချမ်းသာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ငွေက ပြောပါတယ်။
ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားတဲ့ လာဘမုနိ ကမ္ဘာ့ချမ်းသာရစေတီတော်နဲ့ ချမ်းသာကုန်းဘုန်းကြီးကျောင်းစေတီတော်၊ ကွမ်းခြံကုန်းအုပ်စုမှ စေတီတော်၊ ကျေးနီကျေးရွာရှိ ကိုးနဝင်းကပ်ကျော် စေတီတော်တို့က စိန်ဖူးတော်တွေ တစ်နေ့တည်း ခိုးယူခံခဲ့ရတာ ဖြစ်ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနကိုလည်း အကြောင်းကြားထားပြီလို့ ဆိုပါတယ်။
“လူတစ်ယောက်အရူးပုံစံနဲ့ လက်နဲ့လည်ပင်းတွေမှာ ပုတီးတွေပတ်ထားပြီး အင်္ကျီအဝါ၊ ဘောင်းဘီတိုအစုတ်၊ အသားညိုညို ဆံပင်ရှည်ရှည်နဲ့ မနေ့ကနေ့လည် ၃နာရီဝန်းကျင်မှာ ဘုန်းကြီးကျောင်းထဲဝင်လာပြီး သန့်ရှင်းရေးလုပ်နေတယ်။ ဥပဇ္ဖင်းကလည်း သန့်ရှင်းရေးလုပ်နေတော့ ဘာမှမပြောတော့ဘူး။ လေးနာရီခွဲလောက်ကျတော့ အဲ့ဒီ အရူးပုံစံလူကို မတွေ့ရတော့ဘူး။ အဲ့ဒီ အချိန်မှာ စိန်ဖူးတော်ပျောက်တာ မသိသေးဘူး။ ညနေ ၅ နာရီကျော်မှာ ဘုရားမီးထွန်းတော့မှ စိန်ဖူးတော် ပျောက်မှန်းသိရတာပါ။”လို့် ဆရာတော် ဦးပညာစာရ ရဲ့မိန့်ကြားချက်ကို တကာဖြစ်သူ ဦးမှတ်ကြီးက ပြန်လည်ပြောဆိုပါတယ်။
စိန်ဖူးတော်ရဲ့ကာလတန်ဖိုးက တစ်လုံးကို ၇ သိန်းဝန်းကျင်လောက် တန်ဖိုးရှိပြီး အခုလိုခိုးယူခံရမှုနဲ့ ပတ်သက်လို့ လက်ပံတန်း မြို့မရဲစခန်းမှာ တိုင်တန်းထားတယ်လို့ ဆိုပေမယ့် ရဲစခန်းကတော့ ဆရာတော်တို့ဘက်က အမှုမဖွင့်သေးလို့ ပြောပါတယ်။
#voiceofmyanmar # လက်ပံတန်းမြို့နယ်အတွင်းကဘုန်းကြီးကျောင်းနဲ့စေတီတော်တွေမှာရှိတဲ့ စိန်ဖူးတော် ၃၀ ကျော် ခိုးယူခံရ # ပဲခူး #သာယာဝတီ #လက်ပံတန်း#