ရခိုင်ပြည်နယ်​​​ဝန်ကြီးချုပ်ကားတန်း မိုင်းသုံးလုံး​ပေါက်​ကွဲမှု​ကြောင့်​ ထိခိုက်​မှုရှိ

မြောက်ဦး၊ ဇန်နဝါရီ ၁-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ၅ မိုင်ကျော်အကွာ ရန်ကုန်-စစ်တွေ ကားလမ်းမအတွင်း ဒီကနေ့ညနေပိုင်းက မိုင်းသုံးလုံးဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။

အဲဒီမိုင်းပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာအရာရှိတွေ လိုက်ပါလာခဲ့တဲ့ ကားတန်းက ခရိုင်အုပ်ချုပ်ရေးမှူးကားမှာ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

“ကျွန်တော်တို့က သတင်းပဲကြားရတာပါ၊ မိုင်းကွဲတယ်ဆိုတာတော့ ဟုတ်ပါတယ်၊ ညနေပိုင်းကဖြစ်ခဲ့တာပါ၊ ဝန်ကြီးချုပ်ကားတန်းအဖြတ်မှာ ကွဲတာလို့ကြားတယ်ဗျ”လို့ မြောက်ဦးမြို့ခံတစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ကျောက်ဖြူမြို့ကနေ ဒီကနေ့မနက်ပိုင်း မှာ ထွက်ခွာလာခဲ့ကြတာဖြစ်ပြီး မြောက်ဦးနဲ့မင်းပြားအကြား မြောက်ဦးမြို့နယ် လောင်းကြက်နဲ့ နန်းကျားကျေးရွာအကြား မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“အဲဒီကားတန်းသွားတာကိုတော့ ကျွန်တော်တို့မသိဘူး၊ ဒါပေမယ့် ပေါက်ကွဲမှုဖြစ်တာတော့သိလိုက်တယ်၊ ပေါက်ကွဲသံက သုံးချက်ဆက်တိုက်မြည်တယ်၊ သွားကြည့်တော့ ကားတန်းမိုင်းကွဲတယ်ဆိုတာ မြင်နေရတယ်၊ ဝန်ကြီးချုပ်ကားတန်းလို့ ပြောပါတယ် ”လို့ လောင်းကြက်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီမိုင်းဗုံးတွေဟာ ကွန်ကရစ်တံတားအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးလိုက်ပါလာခဲ့တဲ့ ကားမှာပျက်စီးသွားခဲ့ပြီး တံတားရဲ့ချဉ်းကပ်လမ်းတွေလည်း အနည်းငယ်ပျက်စီးမှုရှိခဲ့ပါတယ်။

#voiceofmyanmar#​မြောက်​ဦး#ဝန်​ကြီးချုပ်ကားတန်းမိုင်းထိ#

Related posts

Leave a Comment

VOM News

FREE
VIEW