ကန့်ဘလူမြို့နယ် ဘူးကုန်းကတောင်သူတွေ သူတို့မြေတွေပြန်ရရေး မုံရွာမြို့ပေါ်တက် ဆန္ဒပြ

မုံရွာ မေ ၆-၂၀၁၉
ရန်နိုင်စိုး (VOM)

 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာက တောင်သူတွေဟာ ပြောင်းစိုက်ခင်းစီမံကိန်းနဲ့ပတ်သတ်ပြီး သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ဖို့ မေလ ၆ ရက်နေ့က မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။

 

အဆိုပါ လယ်ယာမြေတွေကို ၁၉၈၀ ခုနှစ်က မြန်မာ့စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ စီမံကိန်းမြေအဖြစ် နှစ် ၃၀ စာချုပ်နဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီး ယခုအခါ စာချုပ်သက်တမ်းပြည့်ပြီဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ၄င်းတို့ရဲ့ လယ်ယာမြေတွေကို ပြန်လည်လိုချင်ကြတာပါ။

 

သိမ်းဆည်းခံရစဉ်က လယ်ယာမြေဧက ၅၀၀၀ ကျော်ရှိရာစီမံကိန်းမအောင်မြင်ရာမှာတော့ တပ်မတော်ကို ဧက ၃၀၀၀ ခွဲပေးခဲ့ပြီး ကျန် ၂၀၀၀ ကျော်ကို ယခုအချိန်ထိ မူလတောင်သူတွေထံ မအပ်နှံပဲ အဆင့်ဆင့်သီးစားချလျှက်ရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။

 

ဒီကိစ္စနဲ့ပတ်သတ်ပြီး လယ်ယာမြေပြန်လည်ပေးအပ်ဖို့တောင်းဆိုတဲ့ တောင်သူ ၅ ဦးကို ၂၀၁၇ ခုနှစ်က ခြံမန်နေဂျာမှ ပုဒ်မ ၆၁ / ၄၄၇ / ၄၂၇ ဖြင့် တရားစွဲဆိုခဲ့ပြီး ရွှေဘိုထောင်ကြီးချုပ်မှာ ၁ နှစ်ဝန်းကျင် ချုပ်နှောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

 

တောင်သူတွေအနေနဲ့ တိုင်းဒေသကြီး အစိုးရထံစာဖြင့်အကြိမ်ကြိမ်ပေးပို့တောင်းဆိုခြင်းရှိခဲ့ပြီး အောင်မြင်မှုမရှိသေးတာကြောင့် ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ဒေါ်အောက်ဆန်းစုကြည်နဲ့ လူထုတွေ့ဆုံပွဲမှာ တိုင်ကြားစာလည်း ပေးပို့ထားတယ်လို့ သိရပါတယ်။

 

တောင်သူတွေအနေနဲ့ ယခုလို လယ်ယာမြေပြန်လည်ရရှိဖို့ တောင်းဆိုရာမှာလည်း ယခင်ကလို တရားစွဲဆိုခံရခြင်းခံရမှာကို စိုးရိမ်လျှက်ရှိနေပါသေးတယ်။

 

အခုလို ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို တိုင်းအစိုးရအဖွဲ့ရုံးစိုက်ရာ မုံရွာမြို့မှာ ပထဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး မုံရွာမြို့တော်အခန်းမရှေ့ကစတင်ကာ ဗိုလ်ချုပ်လမ်းတလျှောက် စီတန်းလှည့်လည်ခဲ့ကြပြီး အိုးရှင်းစင်တာရှေ့အရောက်မှာ ပြီးဆုံးခဲ့ပါတယ်။

#voiceofmyanmar #မုံရွာ #စစ်ကိုင်းတိုင်း #ဘူးကုန်း #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW