သာယာဝတီ၊ ဇွန် ၅ – ၂၀၁၉
မိုးယံ (VOM)
ပဲခူးတိုင်း သာယာဝတီခရိုင် စိန်ကတော်ကျေးရွာမှာ မနေ့ည ၇ နာရီလောက်က ညီအစ်ကို ချင်းစကားများနေတာကို အိမ်နီးချင်းက ကိုင်းခုတ်ဓားနဲ့ခုတ်၊ မှိန်းနဲ့ဝင်ထိုးလို့ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အသရော် နယ်မြေရဲစခန်းက သိရပါတယ်။
အောင်မိုးနဲ့ ညီဖြစ်သူ ဖိုးထူး စကားများနေတာကို အိမ်းနီးချင်းဖြစ်တဲ့ကြွက်နီက သူ့ကိုပြောဆိုတာထင်ပြီး ကိုင်းခုတ်ဓားနဲ့ဝင်ခုတ်ခဲ့သလို ကြွက်နီသားဖြစ်သူအော်လန်ကလည်း မှိန်းနဲ့ထိုးခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
“သူတို့ညီအစ်ကိုချင်းစကားများတာကို ကြွက်နီက သူ့ပြောတယ်ထင်ပြီး ဓားနဲ့ခုတ်တာ။ အောင်မိုးမှာ လည်ပင်ပြတ်ရှဒဏ်ရာနဲ့ နေရာမှာတင်သေဆုံးသွားပါတယ်။ အောင်မိုးမိန်းမလည်း ဓားဒဏ်ရာတွေနဲ့ သူ့သား နေမျိုးလင်းမှာလည်း အော်လန်က မှိန်းနဲ့ထိုးထားတယ်။”လို့ အသရော်နယ်မြေရဲကင်းက ဒုရဲအုပ် အေးမင်းက ပြောပါတယ်။
ဒဏ်ရာ ရရှိသူများတွေကို သာယာဝတီ ပြည်သူ့ဆေးရုံမှာပို့ဆောင်ထားပြီး ပြစ်မှု ကျူးလွန်သူတွေကို (ပ)၁၃/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆/၁၁၄ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ အသရော်နယ်မြေရဲကင်းက ဒုရဲအုပ် အေးမင်းက ပြောပါတယ်။
ဒီဓားခုတ်ခံရမှုနဲ့ ပတ်သက်ပြီး ရုတ်တရက် ပေါ်ပေါက်တဲ့ဒေါသကြောင့် ဖြစ်ရတာလို့ ရဲစခန်းက သုံးသပ်ထားပြီးနောက်နောင် အလားတူဖြစ်စဉ်မျိုးမဖြစ်ဖို့ မှုခင်းအသိပညာပေးဟောပြောပွဲတွေ ပြုလုပ်ပြီး လှည့်ကင်း/ဝတ်ကင်းတွေနဲ့ နယ်မြေ ဥပဒေစိုးမိုးဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
#voiceofmyanmar # ညီအစ်ကိုချင်းစကားများတာကိုအိမ်နီးချင်းကဓားနဲ့ဝင်ခုတ် #တစ်ဦးသေ နှစ်ဦးဒဏ်ရာရ #ပဲခူး # သာယာဝတီ