မိုးညို၊ ဇွန် ၅ – ၂၀၁၉
မိုးယံ (VOM)
ပဲခူးတိုင်း မိုးညိုမြို့နယ် မြေဇာအုပ်စုအတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ အိမ်ထောင်စု ၆၀ ကျော်ကို ပယ်ခဲ့တဲ့အတွက် ဆန္ဒမဲပေးခွင့်ဆုံးရှုံးတယ်ဆိုပြီး ဒီနေ့မနက်က ရွေးချယ်ပွဲလုပ်နေချိန်မှာပဲ မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပဲခူးတိုင်း ဝန်ကြီးချုပ်အမိန့်နဲ့ မြေဇာအုပ်စု ပိုးစတောကျေးရွာက အိမ်ထောင်စု (၆၄)စုကို ပယ်ခဲ့တဲ့အတွက် နိုင်ငံသား လူ့အခွင့်အရေး တန်းတူမရရှိဘူးလို့ ဆိုကြပါတယ်။
“ကျနော်တို့က မြေဇာအုပ်စုမှာ ၆၆/ဃ အိမ်ထောင်စုဇယားရှိတယ်။ မွေးဖွားစာရင်းလည်း ဒီအုပ်စုပဲ။ နိုင်ငံသား စိစစ်ရေးကတ်ပြားလည်း ရှိတယ်။ ၂၀၁၅ မှာလည်း မဲပေးခဲ့တယ်။ အခုမှ မဲပေးခွင့်မရှိဘူးဆိုတော့ လူ့အခွင့်အရေးချိုးဖောက်တာပဲ။” လို့ မဲပေးခွင့် ဆုံးရှုံးခဲ့သူ ဦးနေမျိုးဝင်းက ဆိုပါတယ်။
အခုလို မဲပေးခွင့်မရတာနဲ့ ပတ်သက်ပြီး ရွေးချယ်ပွဲ ကြီးကြပ်ရေးမှူး ဦးတင်းမောင်ဝင်းကလည်း “အုပ်စုနယ်နိမိတ်ကျော်လို့ဆိုပြီး ပယ်ခဲ့တာပါ။ (၆၄) အိမ်ထောင်စုအတွက် သူတို့ရဲ့အကျိုးခံစားခွင့် ဘယ်ကိုပေးလိုက်တာလဲ၊ နီးစပ်ရာ အုပ်စုထဲကို ထည့်ပေးလိုက်တာလား၊ ဘယ်အုပ်စုထဲမှာမှ မတွေ့ဘူး။ ဘေးမဲ့ကျေးရွာလို ဖြစ်နေတာပေါ့။” လို့ ဆိုပါတယ်။
မြေဇာအုပ်စုမှာ မြေဇာကျေးရွာ၊ ကျွန်းသီတာ ကျေးရွာ၊ တဲတန်းကျေးရွာ၊ ပိုးစတောကျေးရွာတို့ ပါဝင်ပြီး ပြည်ထောင်စု အမည်ပေါက် ပြန်တမ်းဝင်ကျေးရွာတွေဖြစ်ပါတယ်။ ၁၉၉၈ – ၁၉၉၉ ခုနှစ် ဧရာဝတီ၊ မြစ်ကမ်းပါးပြိုကျခဲ့ချိန်က ပိုးစတောကျေးရွာ အိမ်ခြေ(၆၄)အိမ် ကမ်းပါးနဲ့ဝေးရာကို ပြောင်းရွှေ့နေထိုင်ခဲ့ရာက ဒီနေ့အထိဖြစ်ပါတယ်။
ဒါပေမယ့် ပဲခူးတိုင်းအစိုးရအဖွဲ့က ပိုးစတောကျေးရွာကို ညောင်လေးပင်အုပ်စုအတွင်း ဖွဲ့စည်းထည့်သွင်းဖို့ဆောင်ရွက်နေတာကို ညောင်လေးပင်အုပ်စု ဒေသခံ ၂၆၃ ဦးက ကန့်ကွက်ကြောင်း လက်မှတ်ထိုး စာတင်ထားခဲ့ရာမှာ အကြောင်းပြန်ကြားခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲမှာ နိုင်ငံသား လူ့အခွင့်အရေး တန်းတူရရှိရေး၊ မမျှတတဲ့ရွေးချယ်ပွဲ အလိုမရှိဆိုပြီး
ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
#voiceofmyanmar # ပဲခူးတိုင်းဝန်ကြီးချုပ်အမိန့်နဲ့ပယ်ခဲ့တဲ့အိမ်ထောင်စုတွေကမဲပေးခွင့်ဆုံးရှုံးလို့ဆိုပြီး ဆန္ဒထုတ်ဖော် # ပဲခူး #မိုးညို