မန္တလေး၊ ဩဂုတ် ၈-၂၀၁၉
ဟိန်းကို(VOM)
မန္တလေးမြို့ ကုတင် ၅၀၀ အရိုးရောဂါအထူးကုဆေးရုံရဲ့ ဆေးရုံအုပ်ကြီးနဲ့ ဝန်ထမ်းနှစ်ဦးဟာ အဂတိလိုက်စားမှု ရှိတယ်ဆိုပြီး တိုင်ကြားခံရမှုနဲ့ပတ်သက်လို့ ဒီနေ့ သြဂုတ်လ ၈ ရက်ညနေပိုင်းက ဌာနတွင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆေးရုံဝင်းအတွင်း တင်ဒါလုပ်ငန်းတွေမှာ အဂိတိလိုက်စားမှုရှိနေတယ်ဆိုပြီး ဆေးရုံဝင်းအတွင်းလုပ်ငန်းရှင်အချို့နဲ့ ဝန်ထမ်းအချို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီကို ဩဂုတ်လ ၆ ရက်နေ့က တိုင်ကြားထားတာ ဖြစ်ပါတယ်။
ဆေးရုံအတွင်း ဖွင့်လှစ်ထားတဲ့ လက်ဖက်ရည်ဆိုင်၊ ကား၊ဆိုင်ကယ် အပ်နှံခွင့် လုပ်ငန်းတွေအတွက် တရားဝင်တင်ဒါပေးဆောင်ရတဲ့ ငွေတွေဟာ ဆေးရုံအုပ်ကြီးနဲ့ ဌာနခွဲစာရေး၊အငယ်တန်းစာရေးတို့ကိုပေးဆောင်ရာမှာ သက်မှတ်ထားတဲ့ တင်ဒါငွေကြေးထက်ပိုမိုပေးရတယ်လို့ဆိုပြီး တိုင်ကြားထားတာပါ။
” ဒီကနေ့ကျွန်တော်တို့အဖွဲ့ တိုင်ကြားတဲ့ ၁၄ယောက်လုံးကို ခေါ်စစ်ပါတယ်၊ စစ်တဲ့အဖွဲ့တွေကလည်း မှန်ကန်ပါတယ်၊ တိကျပါတယ်၊ ကျွန်တော်တို့ကို တိုင်တဲ့အခြေအနေကိုမေးတယ်၊ သက်သေခံအသံတွေရော စတစ်တွေရော ပေးခဲ့လိုက်ပါတယ်၊ စာရွက်စာတမ်းတွေလည်း ပေးခဲ့ပါတယ်၊ စစ်ဆေးမှုကနေ အဂတိကိုရောက်မယ်လို့ ကျွန်တော်တို့ကထင်ပါတယ် ၊ မှန်မှန်ကန်ကန်ဖြစ်လာလိမ့်မယ်လို့လည်းမျှော်လင့်ထားပါတယ် ” လို့ ဆေးရုံအတွင်း ဆိုင်ကယ်အပ်နှံခွင့် လုပ်ငန်းလုပ်ကိုင်သူ ဦးမောင်လွင်ကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားခံရသူထဲက ဌာနခွဲစာရေးကြီး ဦးအောင်ကျော်ဦးကတော့
” ဒီနေ့မှာ ရှေးဦးစစ်ဆေးမှုပြုလုပ်ပါတယ်၊ သူတို့တွေ စွပ်စွဲထားတာတွေက တစ်ခုမှမဟုတ်ပါဘူး၊ခုလိုရှင်းတာကလည်း ကျွန်တော်တစ်ယောက်တည်းရှင်းတာပါ၊ ဆေးရုံအုပ်ကြီးနဲ့အငယ်တန်းစာရေးတို့ကတော့ သူတို့သဘောပါ” လို့ ပြောပါတယ်။
ဆေးရုံက တာဝန်ရှိသူတွေဟာ ဆေးရုံအတွင်း မလိုအပ်တဲ့ငွေကြေးကောက်ခံမှုများ၊ ဌာနပိုင်ပစ္စည်းများ အလွဲသုံးစားပြုလုပ်မှုများ၊ တင်ဒါကိစ္စနဲ့ပက်သက်ပြီး အဂတိလိုက်စားမှုများ အားလုံးကို အဂတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ကို တိုင်ကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar#မန္တလေး