မြောက်ဦးကိုယူနက်စ်ကိုအသိအမှတ်ပြုနိုင်ရေးအဆိုပြုလွှာမူကြမ်းတင်သွင်းလိုက်ပြီ

မြောက်ဦး၊စက်တင်ဘာ၂၉-၂၀၁၉ ခိုင်လင်းစံ(VOM)     ရခိုင်ပြည်နယ်အတွင်းကရှေးဟောင်းသမိုင်းဝင်အမွေအနှစ်တွေအများအပြားတည်ရှိနေတဲ့မြောက်ဦးမြို့ကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာဖို့ယူနက်စ်ကိုအသိအမှတ်ပြုနိုင်ရေးအတွက်အဆိုပြုလွှာမူကြမ်းကိုအခုလ၂၅ရက်နေ့မှာတင်သွင်းလိုက်ပြီဖြစ်ပါတယ်။   အဲ့ဒီအဆိုပြုလွှာကိုပြီးခဲ့တဲ့၂၀၁၇ခုနှစ်ကနေစတင်ပြုစုခဲ့တာဖြစ်ပြီးနှစ်နှစ်တာကာလအတွင်းပြုစုခဲ့ရတဲ့အချိန်မှာလက်ရှိဖြစ်ပွားနေတဲ့ဒေသမတည်ငြိမ်မှုတွေကြောင့်အခက်အခဲတွေလည်းရှိခဲ့တယ်လို့မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကော်မတီဥက္ကဌဒေါ်ခင်သန်းကပြောပါတယ်။   “တိုက်ပွဲတွေမဖြစ်ခင်ယဉ်ကျေးမှုအမွေအနှစ်ပေါင်း၁၀၄၄ခုလောက်ကိုကောက်ယူပြီးစီးခဲ့ပါတယ်။စစ်ပွဲတွေဖြစ်လာတော့ရပ်တန့်သွားခဲ့ရတယ်။အဲ့ဒီကောက်ယူရရှိထဲတဲ့စာရင်းတွေနဲ့ပဲအဆိုပြုလွှာမူကြမ်းကိုရေးသားထုတ်ဝေခဲ့တာဖြစ်ပါတယ်။”လို့ဒေါ်ခင်သန်းကပြောပါတယ်။   အဲ့ဒီအဆိုပြုလွှာမှုကြမ်းမှာသမိုင်းဝင်ရှေးဟောင်းအမွေအနှစ်အမျိုးအစားပေါင်း၂၇မျိုးကိုထည့်သွင်းရေးဆွဲထားတာဖြစ်ပြီးနန်းတော်ကုန်း၊တံတိုင်း၊ကျုံး၊ပိဋကတ်တိုက်၊စဥ့်ထည်၊စဥ့်ဖိုတွေ၊ညီလာခံသဘင်ကျင်းပခဲ့တဲ့နေရာတွေနဲ့စပါးကျီတွေစတဲ့အမွေအနှစ်တွေပါဝင်တယ်လို့ကော်မတီကပြောပါတယ်။     ဒါ့အပြင်လက်ရှိမှာမြောက်ဦးမြို့တော်ဟောင်းကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်အသိအမှတ်ပြုခံရရေးအတွက်ဆောင်ရွက်နေကြတဲ့အချိန်တစ်ဖက်မှာလည်းယဉ်ကျေးမှုနယ်မြေအတွင်းကွန်ကရစ်လမ်းတွေပြုလုပ်နေတဲ့အတွက်ပျက်စီးဆုံးရှုံးမှုတွေနဲ့လည်းရင်ဆိုင်နေရတယ်လို့ဒေါ်ခင်သန်းကဆက်လက်ပြောကြားခဲ့ပါတယ်။   “ဒေသဖွံ့ဖြိုးရေးဆိုတဲ့စီမံကိန်းတွေကိုရေးဆွဲပြီးတော့မြောက်ဦးမှာကွန်ကရစ်လမ်းတွေခင်းလာတယ်။ဒီလမ်းတွေကိစ္စကိုကျွန်မတို့ဘယ်လိုဖြေရှင်းကြမလဲ။ဒါတွေနဲ့ပတ်သက်လို့စီမံခန့်ခွဲမှုစီမံကိန်းတွေရေးဆွဲထားတာမရှိတာ့မြောက်ဦးကိုဘယ်လိုထိန်းမလဲ။လူတွေနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေသဟဇာတဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အစီအမံတွေမရှိတဲ့အတွက်စိတ်ပူမိပါတယ်။”လို့ဒေါ်ခင်သန်းကပြောပါတယ်။   ဒါ့အပြင်အခုတင်သွင်းလိုက်တဲ့အဆိုပြုလွှာမှုကြမ်းဟာပထမပိုင်းသာဖြစ်ပြီးနောက်ကျန်ရှိနေသေးတဲ့အမွေအနှစ်တွေနဲ့ပတ်သက်လို့လည်းထပ်မံပြီးတင်သွင်းသွားဖို့ရှိနေသေးတယ်လို့သူကပြောကြားခဲ့ပါတယ်။   #voiceofmyanmar #မြောက်ဦး

Read More

ဆော်ဒီတပ်ရင်းသုံးရင်းကိုဖမ်းဆီးထားတယ်လို့ဟူသီသူပုန်အဖွဲ့အတည်ပြု

ဆာနား၊စက်တင်ဘာ-၂၉-၂၀၁၉ မျိုးဆက်(VOM)   ဆော်ဒီအာရေဗျနဲ့ယီမင်နိုင်ငံနယ်စပ်မှာအကြီးအကျယ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက်ဆော်ဒီတပ်ဖွဲ့ဝင်အများအပြားကိုဖမ်းဆီထားတယ်လို့ယီမင်မှာရှိတဲ့ဟူသီသူပုန်အဖွဲ့ကပြောပါတယ်။     ဆော်ဒီမှာရှိတဲ့နာဂျရန်ဆော်ဒီမြို့အနီးဆော်ဒီတပ်ရင်းသုံးခုလက်နက်ချလိုက်တယ်လို့ဟူသီသူပုန်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဘီဘီစီကိုအတည်ပြုပြောဆိုပါတယ်။   ထောင်ချီရှိတဲ့ဆော်ဒီစစ်သားတွေကိုဖမ်းဆီးခဲ့ရမိခဲ့ပြီအခြားသူများစွာလည်းအသတ်ခံခဲ့ရတယ်လို့သူကဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဆော်ဒီအာဏာပိုင်တွေကအတည်ပြုတာမျိုးမရှိသေးပါဘူး။   ဒီစစ်ဆင်ရေးဟာနှစ်ဘက်အကြားပဋိပက္ခစတင်ပြီးနောက်ပိုင်းအကြီးဆုံးဖြစ်တယ်လို့ဟူသီသူပုန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဆော်ဒီတပ်ဖွဲ့ဝင်အတော်များများအသက်ဆုံးရှုံးမှုတွေနဲ့စက်ယန္တယားတွေဆုံးရှုံးမှု  ရှိခဲ့တယ်လို့ဗိုလ်မှူးကြီးယာဟီယာဆာရီအာကပြောပါတယ်။   ဒီိလိုဖမ်းဆီးထားတာနဲ့ပတ်သက်ပြီးရိုက်ကူးထားတာတွေကိုဟူသီသူပုန်အဖွဲ့ပိုင်ဆိုင်တဲ့AL Masirah ရုပ်သံလိုင်းကစက်တင်ဘာ၂၉ရက်မှာထုတ်ဖော်ပြသသွားမယ်လို့သူကဖြည့်စွက်ပြောဆိုပါတယ်။     Ref : BBC Photo : Reuters   #voiceofmyanamr #ဆော်ဒီ  

Read More
VOM News

FREE
VIEW