ရန်ကုန်ကနေ လေယာဉ်စီးမယ့် ခရီးသွားတွေကို ကိုဗစ်ပိုးရှိ၊မရှိ စတင်စစ်ဆေးပေး

ဒီဇင်ဘာ ၁၅-၂၀၂၀
သိင်္ဂီထွန်း (VOM)

ရန်ကုန်တိုင်းကနေ လေယာဉ်လိုက်ပါစီးနင်းမယ့် ခရီးသည်တွေကို ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး ကိုဗစ်ပိုးရှိ၊မရှိ ဓါတ်ခွဲနမူနာစစ်ဆေးမှုကို နေရာနှစ်ခုမှာ လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။

ကျောက်တံတားမြို့နယ် ၊ ဆူးလေဘုရားလမ်းရှိ Tourist Burma အဆောက်အဦး နဲ့ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းက ဒေသန္တရကျန်းမာရေးဌာနမှာ ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးပေးနေတာဖြစ်ပါတယ်။

“အမတို့ သားအမိက ဟဲဟိုးကိုသွားမှာ အလုပ်ကိစ္စပေါ့။ လက်မှတ်ဖြတ်ပြီးပြီဆိုတော့ ဆေးစစ်ဖို့ သွားနေတာပါ၊ ဆေးစစ်ခ ကုန်ကျစရိတ်က မိမိဘာသာကုန်ကျခံရတယ်လို့ သိရတယ်။ ဟိုရောက်ရင် Qဝင်ရမလား ၊မဝင်ရဘူးလားဆိုတာတော့ မသိရသေးဘူး။ hotel ကွာရန်တင်း ပဲနေရမလား တစ်ခုခုပေါ့”လို့ လေယာဉ်နဲ့ခရီးသွားမယ့် ဒေါ်သန္တာစိုးကပြောပါတယ်။

ကိုဗစ်ပိုးရှိမရှိ ဆေးစစ်မယ့်သူတွေကို ဝယ်ယူထားတဲ့ လေယာဉ်လက်မှတ်နှင့်အတူ နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့မဟုတ် ) အခြားသက်သေခံအထောက်အထားနဲ့ (၆)လအတွင်းရိုက်ကူးထားတဲ့ ဓါတ်ပုံ(၁)ပုံ ယူဆောင်လာမှသာ စစ်ဆေးပေးမှာဖြစ်ပါတယ်။လေယာဉ်ခရီးစတင်မထွက်ခွာမီ ၃၆နာရီအတွင်း စစ်ဆေးမှုခံယူရမှာဖြစ်ပါတယ်။

ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးမှုကို နေ့စဉ် မနက် (၉) နာရီကနေ ညနေ (၃ ) နာရီအတွင်း စစ်ဆေးပေးမှာဖြစ်ပြီး ဆေးစစ်လာချိန်မှာ အဖော်ခေါ်ဆောင်လာခြင်းမပြုဖို့နဲ့ နှာခေါင်းစည်း(mask)၊ မျက်နာအကာ Face shield တွေကိုလည်း စစ်ဆေးတဲ့အချိန်မှလွဲပြီး အချိန်ပြည့်တပ်ဆင်ထားရမယ်လို့ သိရပါတယ်။

ဆေးစစ်ဖို့ စောင့်ဆိုင်းချိန်မှာလည်း တစ်ဦးနဲ့တစ်ဦးကြား (၆) ပေခွာထားတဲ့ သတ်မှတ်နေရာမှာသာ စနစ်တကျ စောင့်ဆိုင်းရမှာဖြစ်ပြီး စောင့်ဆိုင်းနေစဉ် အစားအသောက်စားသုံးခြင်းမပြုဖို့လည်း အသိပေးထားပါတယ်။

ကျန်းမာရေးစစ်ဆေးပြီးနောက် ရောဂါပိုးမတွေ့ရှိကြောင်းထောက်ခံချက်ရပါက ရပြီးပြီးချင်း မိမိနေအိမ်ကို ပြန်ရမှာဖြစ်ပါတယ်။ အကယ်၍ ဆေးစစ်ချက်က ရောဂါပိုးတွေ့ရှိခဲ့ရင်တော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကုသမှုခံယူရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆေးစစ်မယ့်သူတွေအနေနဲ့ နေရပ်လိပ်စာ၊ သွားရောက်မယ့်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်ကို မှန်ကန်အောင်ရးသားကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကြောင့် ရန်ကုန်တိုင်း ကျန်းမာရေးဦးဌာနကို ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးမျိုးမင်းဦးကတော့ ” လေယာဉ်နဲ့ ခရီးသွားမယ့်သူတွေဟာ ကျန်းမာရေးဌာနကထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့လိုအပ်သလို မိမိသွားရောက့်မယ့် ဒေသ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့စည်းကမ်းချက်တွေကိုလည်း လိုက်နာရမှာဖြစ်တယ်”လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ခရီးသွားတွေအနေနဲ့ မိမိသွားရောက်မယ့် ဒေသက အာဏာပိုင်ရဲ့ကျန်းမာရေးစစ်ဆေးမှုနဲ့လိုအပ်တဲ့ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းစဉ်တွေကို မဖြစ်မနေလိုက်နာဆောင်ရွက်ရမယ့်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #လေယာဉ်စီးမယ့်ခရီးသွား #ကိုဗစ်ပိုး #စတင်စစ်ဆေးပေး

Related posts

Leave a Comment

VOM News

FREE
VIEW