ကိုစည်သူမောင်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် ရဲစခန်းမှာ စစ်ဆေးခံရစဉ် သေဆုံး

ရန်ကုန်၊ မတ် ၇-၂၀၂၁
BP၊ KTG

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုစည်သူမောင်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးခင်မောင်လတ်ဟာ မနေ့ မတ်လ ၆ရက်နေ့က ဖမ်းဆီးခံရပြီးနောက် ရဲစခန်းမှာ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(EXPP)က ဦးထွန်းကြည်ဆီကနေ သိရပါတယ်။

ပန်းဘဲတန်းမြို့နယ် (၇)ရပ်ကွက် NLD ရပ်ကျေးဥက္ကဌလည်းဖြစ်တဲ့ ဦးခင်မောင်လတ်ကို မနေ့ညပိုင်းက စစ်တပ်နဲ့ရဲက နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့ မတ်လ ၇ရက်နေ့ မနက်မှာ ရဲစခန်းကနေ ဦးခင်မောင်လတ် သေဆုံးသွားတာကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။

“အခုလောလောဆယ် ရင်ခွဲရုံမှာ စာရွက်စာတမ်းစောင့်နေပါတယ်။ စာရွက်စာတမ်းရတာနဲ့ရေဝေးကိုသွားမှာပါ။ မနက်အစော သူမိသားစုကိုအကြောင်းကြားပါတယ်၊သေတယ်ဆိုတာပေါ့။ ရဲစခန်းမှာမူးလဲကျသွားပြီး သေတယ်လို့ပြောပါတယ်။ အသက်ကတော့ ၅၈ နှစ်ရှိပါပြီ” လို့ ဦးထွန်းကြည်က ပြောပါတယ် ။

ဦးခင်မောင်လတ်နဲ့အတူ အခြားလူနှစ်ဦးကိုဖမ်းပြီး ကားပေါ်ထိုင်ခိုင်းထားစဉ်မှာ အသံဗုံးခွဲခဲ့တဲ့အတွက် ရှော့ဖြစ်ပြီးသေတာလို့ ရဲကပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တဦးက “ညက ဦးခင်မောင်လတ်နဲ့အတူ အခြား လူ ၂ ယောက်ကိုပါ တပ်က ဖမ်းတယ်။ သူတို့ ၃ ယောက်ကို ဖိုးဝှီး ကားနောက်ခန်းမှာ ထိုင်ခိုင်းထားတယ်။ ရပ်ကွက်က သံပုံးတီးတဲ့အခါ တပ်က ၆ ဆင့်ကွဲ အသံဗုံးကို ခွဲတယ်၊ အဲ့အချိန်မှာ ဦးခင်မောင်လတ်က ဆုံးသွားတယ်။ ဒီကနေ့ ဆရာဝန်တွေရဲ့ ရင်ခွဲစစ်ဆေးချက်အရ နှလုံးကြွက်သားတွေပုပ်နေတယ်၊ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိတယ်တဲ့” လို့ VOM ကို ပြောပါတယ်။

ကွယ်လွန်သွားတဲ့ ဦးခင်မာင်လတ်ဟာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့အတွက်ကြောင့် အစ္စလာမ်တို့ရဲ့ ထုံးစံနဲ့အညီ ဈာပနာပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရခဲ့တဲ့ ဦးစည်သူမောင်ဟာလည်း ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေတဲ့အတွက် တိမ်းရှောင်နေရပါတယ်။

#VoiceOfMyanmar #VOM #ကိုစည်သူမောင် #ရွေးကောက်ပွဲကိုယ်စားလှယ် #ဦးခင်မောင်လတ် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW