မင်းသမီးက ခါးမပါဘူးတဲ့

ဆူးငှက်

ကုန်လွန်ခဲ့တဲ့ နှစ်၄၀လောက်က မန္တလေးမှာ အငြိမ့်တစ်ခေတ် တကျော့တပြန် ခေတ်စားလာပါတယ်။ခေတ်အဆက်ဆက် ထွန်းကားခဲ့တဲ့ မန္တလေးအငြိမ့်ဟာ ရတနာပုံခေတ်က မြယင်းတော်တို့ မကြေးမျှင် (ခေါ်) ဆင်ခိုးမလေးတို့ မထွေးလေးတို့ ဆီကနေ ဆင်းသက်လာပြီး မခြေကျင်း မငွေမြိုင်တို့ လေဘာတီမမြရင်တို့ သြဘာသောင်းတို့ ဥက္ကလာအေးကြည်တို့ခေတ်အထိ လက်ဆင့်ကမ်းခဲ့ကြပါတယ်။ ဒီလက်ဆင့်ကမ်းမှုဟာ “အငြိမ့်” ဆိုတဲ့ ဝေါဟာရအတိုင်း
တီးတော့လည်း ငြိမ့်ငြိမ့်၊ ဆိုတော့လည်း ငြိမ့်ငြိမ့်၊ ကတော့လည်း ငြိမ့်ငြိမ့် ပါပဲ။ ရွှေနန်းတွင်းက သက်ဆင်းခဲ့လေတော့ ရိုင်းလို့မရပါဘူး။ ကြမ်းလို့မရပါဘူး။ ခုန်လို့ပေါက်လို့ အော်လို့ ဟစ်လို့ မရပါဘူး။

ဒီအစဉ်အလာအတိုင်း အငြိမ့်က ဖြစ်တည်လာလိုက်တာ ကိုလိုနီခေတ်ဦးရောက်တော့ အချိုးအကွေ့တစ်ခုရောက်ရပါပြီ။ သီချင်းတွေ တေးသွားတွေမှာ အင်္ဂလန်က ဘင်သံတွေ ဝင်လာပါပြီ။ အရင်လို လေးလေးတွဲ့တွဲ့ချည်း လုပ်လို့ မရတော့ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲ သွက်ပါစေ၊ သန္ဓေကို မပျောက်စေဘဲ အသွက်မှာပဲ လှလှလေးသွက်၊ ယဉ်ယဉ်လေး သွက်ပြပါတယ်။ အထူးသဖြင့် ထိုစဉ်ကာလ
အရွယ်အားဖြင့် ငယ်ပြီး အကကို အားကိုးတဲ့ မင်းသမီးသြဘာသောင်းက မြန်မာအကရဲ့ ဣန္ဒြေကြီးလှတဲ့ ဟန်ပန်ကို သူ့ကကြိုး အသွက်တွေနဲ့ပြောင်းလဲစေခဲ့တယ်။ စည်းသွက် ဝါးသွက်မှာ ဒိုးဆစ်အသွက်တွေနဲ့ အကတွေမှာ ရုပ်သေးဟန် ပုတီးခတ်ဟန် ဘာလီအကဟန်တွေကနေ ပြောင်းလဲယူခဲ့တယ်။ ကိုယ်တိုင်က မင်းသမီးမထွေးလေးရဲ့ လက်ရင်းတပည့်မို့ သူ့ အကသစ်တွေက သွက်ပေမယ့် ယဉ်တယ်၊ လှတယ်၊ မရိုင်းဘူး။ ယိုးဒယားအကလို့ခေါ်တဲ့ တပင်တိုင်အကမှာများ ရှေ့ပိုင်းမှာ ရွှေနန်းတော်ထွက်မူအတိုင်း အယဉ် အလှ အခန့်အညားနဲ့ ကပြပြီး အတီးနဲ့ အားပြိုင်တဲ့ ဖျဉ်းချင်အပိုဒ်မှာ အသွက်လေးတွေနဲ့ ညက်ညက်လေး ကခဲ့တယ်။ ဒါကြောင့် ရွာစားကြီးစိန်ဗေဒါနဲ့ အငြိမ့်ညွန့်ပေါင်းများဆိုရင် ရွာစားကြီးက သြဘာသောင်းကို ယိုးဒယားနဲ့ပဲ ပွဲထုတ်ပြီး
သမားစဉ်အကုန်သာမက ဖျဉ်းချင်မှာ အမြူးအသွက်တွေနဲ့ ပျော်ပျော်ကြီး တီးတော့တာပဲတဲ့။

ဒါကြောင့် သြဘာသောင်းက ၁၉၅၃ခုနှစ်မှာ မန္တလေးပန်တျာကျောင်းဖွင့်တော့ အမျိုးသမီးအကသင်တန်းအတွက် အကသင်ရိုးတွေကို မြန်မာအကရဲ့ မူလသန္ဓေကို အခြေခံတဲ့ ကခွင်ပုံစံကို စံနစ်တကျ ခင်းပြီး အဲ့ဒီခွင်ပေါ်ကနေ ကကြိုးတွေ ဆင့်ပွား တီထွင်ခဲ့တယ်။ ဒါကြောင့် သူ့ကကြိုးတွေက မြန်မာအက သန္ဓေ မပျက်ဘူး။ ခေါင်း ခါး ခြေ လက် ဆိုတဲ့ အခြေခံက လွတ်မထွက်ဘူး။ ဘယ်စည်းဝါးနဲ့ က က အလှမပျက်ဘူး၊ မရိုင်းဘူး၊မြန်မာမိန်းကလေး တစ်ယောက်ရဲ့ ကိုယ်ကာယပိုင်းအပေါ်မှာ အမြင်မရိုင်းစေဘူး။ အနုပညာအဖြစ် အလှကျန်ရစ်တယ်။ ဒီအကတွေကို ပန်တျာ ၃နှစ်သင်ရိုးအဖြစ် ပြဋ္ဌာန်းပြီး သင်ကြားခဲ့တော့ သူ့ပန်တျာထွက် မင်းသမီးလေးတွေက သူ့မူနဲ့သူ အကမှာ အယဉ် အနု အညက်တွေနဲ့ အခံ့အသွက်တွေအထိ ပရိသတ်မျက်စီမှာ စွဲခဲ့တယ်။ ဒါကြောင့် သူကိုယ်တိုင် နည်းပြဆရာမအဖြစ် ပန်တျာမှာ တာဝန်ယူစဉ်ကရော၊ သူ့လက်ရင်းတပည့်ကြီးများဖြစ်တဲ့ မခင်စိန်တို့ မမြသန်းတို့က နည်းပြအဖြစ် ဆက်လက် တာဝန်ယူစဉ်ရော သြဘာသောင်းအက သြဇာအောက်က ကြီးပြင်းခဲ့တဲ့ မြန်မာမိတ်ဒေါ်တင်အောင် နည်းပြတာဝန်ယူစဉ်ရော မန္တလေး ပန်တျာဆင်း မင်းသမီးတွေက အလှ အယဉ် အခံ့ အသွက်မှာ ညံ့ညက်ညောတဲ့ အလှနဲ့ တစ်မူထူးကြတယ်။ဒါကြောင့် အဲ့ဒီကာလ မန္တလေးပန်တျာဆင်း မင်းသမီးလေးတွေ အငြိမ့်စင်ပေါ်ရောက်လာတော့ ရှေးရှေးက နန်းမူ မန်းမူတွေကို ဆက်ထိန်းနိုင်ခဲ့တာပါပဲ။
မန္တလေးအငြိမ့်စင်တွေရဲ့ ခေါင်းဆောင်တွေနေရာမှာ မန်းပန်တျာဆင်းတွေ ချည်းပါပဲ။

ဒီလိုနဲ့ ၁၉၈၀ကျော် ကာလရောက်တော့ လူထုကိုယ်စားပြု မီဒီယာတွေက ကျယ်ပြန့်လာပါပြီ။ ကက်ဆက်တဲ့၊ ရုပ်မြင်သံကြားတဲ့၊ ဗွီစီဒီခွေတဲ့၊ အငြိမ့်စင် တစ်ခုတည်း မဟုတ်တော့ဘူး။ ဒီအချိန်မှာ မန္တလေးက အငြိမ့်ထောင်တွေကလည်း ဈေးကွက်သဘောအရ လုပ်နည်းကိုင်နည်းတွေ ပြောင်းလာကြတယ်။ အငြိမ့်ရာသီ အသစ်အတွက် အရင်လို ပန်တျာကျောင်းဆင်းပွဲ သွားပြီး အကဲမခတ်ကြတော့ဘူး။ ကက်ဆက်မှာ၊ တီဗွီမှာ၊ ဗွီဒီယိုမှာ ခေတ်စားနေတဲ့ လမ်းကြောင်းနောက် ခြေရာခံလိုက်ကြတော့တာပါပဲ။ အငြိမ့်ရာသီအသစ်အတွက် ခေါင်းဆောင်မင်းသမီးလေးတွေကို ပန်တျာမူနဲ့ မကြည့်တော့ဘူး။
ခေတ်ပေါ်မူနဲ့ ငယ်ဖို့ လှဖို့ ခေတ်ဆန်ဖို့ ပေါ်ပင်သီချင်းတွေ ဆိုနိုင်ဖို့ အထူးသဖြင့် အဝတ်အစားကအစ
ခေတ်ဆန်ဖို့ဆိုတဲ့ မူတွေနဲ့ ရွေးကြတယ်။ ဒီတော့ အငြိမ့်ရာသီအတွက် ရန်ကုန် ဆင်းကြတော့တာပေါ့။ မင်းသမီး ရှာကြတော့တာပေါ့။ ရာသီအသစ်အတွက် အငြိမ့်ပိုစတာတွေမှာ အရင်လို ဘီးဆံထုံးနဲ့ ခါးတောင်အင်္ကျီနဲ့ဗန့်ထဘီနဲ့ခေါက်ယပ်တောင်လေး ဟန်ပါပါကိုင်ထားတဲ့ မင်းသမီးပုံ မဟုတ်တော့ဘူး။ခေတ်ပေါ် အဝတ်အစားတွေ မိတ်ကပ်အပြင်အဆင်တွေ အမူအရာတွေနဲ့ ဟောလီးဝု မင်းသမီးအလား ထင်မှတ်မှားလောက်တဲ့ အငြိမ့်ခေါင်းဆောင် မင်းသမီးပုံတွေနဲ့ ပရိသတ်ကို ဖမ်းစားကြပါပြီ။ အငြိမ့်စင်ပေါ်မရောက်ခင် ပိုစတာနဲ့တင် နာမည်ကြီးနေပြီ။

ဒီလိုနဲ့ အငြိမ့်ရာသီအဖွင့် မန္တလေး ဘုရားပွဲ ပွဲခင်းတွေမှာ သေတ္တာဖွင့် ကတာ့ ပရိသတ်က အငြိမ့်မထွက်ခင်ကတည်းက ကျိတ်ကျိတ်တိုးနေပြီပေါ့။ အငြိမ့်ခန်းမထွက်ခင် အော်ပရာနဲ့ဖွင့်တော့ မန္တလေးအော်ပရာများထုံးစံ သမိုင်းဒဿနတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်တယ်။ အော်ပရာအပြီး ခေါင်းဆောင်မင်းသမီးရဲ့ တေးဂီတအစီအစဉ်မှာ ခေတ်ပေါ်ရေပန်းစားနေတဲ့ စတီရီယိုသီချင်းကို ခေတ်ဆန်ဆန် အဝတ်အစားနဲ့ ရုပ်ရှင်မင်းသမီး ဟန်ပန်အတိုင်း အမြည်းပေး ဖျော်ဖြေလိုက်တော့ ပရိသတ်က မပြန်တော့ဘူးလေ။ ခေါင်းဆောင်မင်းသမီးကို စောင့်ကြည့်ကြတော့မယ်။ နောက် အငြိမ့်ထုံးစံအတိုင်း ရှေ့ထွက်၊ အလယ်ထွက် အငြိမ့်ခန်းတွေပါပဲ။ အလယ်ထွက်မှာတော့ အရင်နှစ်တွေက ခေါင်းဆောင်နေရာယူခဲ့တဲ့
မင်းသမီးက မြခြေကျင်း မငွေမြိုင်သီချင်း၊ လေဘာတီမမြရင် သီချင်းတွေနဲ့ နုညက်တဲ့ အကတွေနဲ့
ပရိသတ်ကို ငြိမ်သက် မင်သက်မိသွားစေခဲ့တယ်။ ဟာ ခေါင်းဆောင်မင်းသမီး လာပါပြီ။ တီးဝိုင်းကလည်း ကြေးနောင် ပတ္တလား ပုလွေအစား အော်ဂင် ဂစ်တာ ဒရမ်ဆက်တွေနဲ့ မြိုင်မြိုင်ကြီး ဖွင့်လိုက်တယ်။ဗ့စ် ဂစ်တာသံ တဒီးဒီ ဆလိုက်မီးရောင် နီလိုက် ဝါလိုက် ပြာလိုက်မှာ မင်းသမီလေး ထွက်လာတာက သူယောင်မယ်လေးလား၊ရေသူမလေးလား ထင်မှတ်မှားစရာပါပဲ။ ဆံပင်က ဘီးဆံထုံး ပတ်ဆံထုံး
မဟုတ်ဘူး၊ နဖူးလေးပေါ်ရုံ ဆံထုံးလေလား ဆံမြိတ်လေလား ဆံပင်ပုံသွက်သွက်လေး။ မိတ်ကပ်ကလည်း ကြွေရုပ်လေးလိုပါပဲ။ အင်္ကျီက ခါးတောင်လား ခါးစိုက်လား မသဲကွဲဘူး၊ ဒါပေမယ့် သူ့ခါးအထက်ပိုင်းကို အပိုအလိုမရှိ အင်္ကျီနိုင်လွန်သားမှ ပါပါလေလား ထင်မှတ်မှားရအောင် တိကျ ကပ်ရပ်တာ အသက်ရှူမှားလောက်တယ်။ အင်္ကျီရှေ့က ရင်ခံက သိသိသာသာ တိုထားဟိုက်ထားတော့ လည်ဆွဲ ဘယက်ဒွာဒရာတွေနဲ့ ဖုံးစရာမလိုဘဲ သူ့
နဂိုအလှကိုက ဖူးညွန့်နေတာပေါ့။ မင်းသမီးဗြန့်ထဘီကလည်း ရွှေချည်ထိုးတွေ သီးနေအောင် ထိုးထားတဲ့ အထူစားကြီး မဟုတ်ဘူး။ အဆင်လေးပါရုံ အပျော့သားလေးမှာ ရွှေချည်ချိတ်လေး ပါးပါးမို့
သူ့ကိုယ်လုံးလေးနဲ့ တစ်သားတည်းပါပဲ။ ထဘီကို ရှေ့က သီတော့ ဒူးအောက်ထိ မသီတော့ဘူး။ ဒီတော့ ခြေသလုံးလေး အလှကိုလည်း ဝင်းခနဲ မြင်ရတာပေါ့။

ထူးခြားတာက ထဘီအနားပါ။ မန္တလေးပန်တျာမင်းသမီးတွေက ထမီနားကို ကျောင်းတော်ကြီး မူအတိုင်း တစ်တောင့်ထွာပဲ ထားပြီး ခြေဖနောင့်လေးနဲ့ ဆတ် က တယ်။ အခု ခေါင်းဆောင်မင်းသမီးက ထဘီအနားကို သုံးတောင့်ထွာ လေးတောင်လောက် ထားတယ်။ အဖြူရောင် ပိတ်ပါးစမဟုတ်ဘဲ ထဘီရဲ့အပေါ်က အရောင်၊ အပေါ်က အသားအတိုင်း ပြောင်ဖြစ်တယ်။ ဒီတော့ မင်းသမီးက ထွက်လာကတည်းက ထဘီအနားကို ပုခုံးနားရောက်အောင် ဒေါင်းတောင်ကြီးလို လက်နဲ့ ဖြန့်ကိုင်ပြီး ထွက်လာတာပါ။ သူ့သီချင်းကလည်း အသွက်အဆူ စည်းကလည်း ဒရမ်ရိုက်ချက် အသွက်၊ လှုပ်တယ် ခါတယ်
ကော့တယ် ပစ်တယ် ကားတယ် ဆိုတဲ့ အလှုပ်အရှားတွေနဲ့ အက။ ကာလသားတွေက လက်ခေါက်မှုတ်သံ
တရွှီရွှီနဲ့ အားပေးလိုက်ကြတာ။ အဲ့ဒီ အဖွင့် သီချင်းအမြူးနဲ့ ပရိသတ်ကို လှုပ်အပြီးမှာ သမားစဉ်အရ မြန်မာသံ အငြိမ့်သီချင်း ဝါးလတ်လေးနဲ့ ကတာ့ ၁၂ပွဲဈေး အမြဲလိုက်နေတဲ့ မိဘဂုဏ် ကွမ်းယာခုံက
သန်းတင်မ က သူ့ထိုင်ခုံပေါ် တက်ထဲ့ပြီး နာမည်ကြီးလှတဲ့ မင်းသမီး အကကို လှမ်း အကဲခတ်နေတာ။
ဟာ မင်းသမီးက ဝါးလတ်တစ်ပိုဒ် ဆိုအပြီး က ပါလေရော၊ သုံးတောင့်ထွာ လေးထောင် ထဘီနားကြီး ဝဲနေအောင် ဒူးကြီးကား ပေါင်ကြီးဖြဲပြီး ဖနောင့်သာမက ခြေသလုံးနဲ့ ထဘီနားကြီး ခတ်ရတော့
ခြေသလုံးတင်မကဘူး ဒူးအထက်လောက်အထိ ဝင်းခနဲ ဝင်းခနဲပေါ့။ အငြိမ့်စင်ထောင့် ကာလသားတွေက လက်ခုပ်သြဘာများနဲ့ အားပေးလို့၊ မင်းသမီးကလည်း က လိုက်တာများ အငြိမ့်စင်ပေါ်က ခုန်ဆင်းတော့ မလို၊ တစ်ခါ စည်းအညက်လေးမှာ ကျေ ညက်အောင် ကပြန်တယ်။ လှလိုက်တာ အကတာ့ မဟုတ်ဘူး။ သူ့ကိုယ်လုံး ပစ်ထား ကော့ထားတော့ အပေါ်အောက် ၃၆၊ ၃၇ အနည်းဆုံးပါပဲ။ ကြက်သီးများ ထ ပါတယ်။

ဒီတင် မင်းသမီး က တာကို ပွဲခင်းအစွန် ကွမ်းယာသည် သန်းတင်မ က ခုံပေါ်က တက်ကြည့်ရင်း ပြောလိုက်တယ်။ “အမလေးဟဲ့ နာမည်ကြီးချင်လို့သာ ကြီးတာ မင်းသမီး က တာ ခါးမပါဘူးဟဲ့” တဲ့။ ကဲ..
မင်းသမီး အကမှာ ခါးမပါဘူးတဲ့နော်။ ၁၂ပွဲ လိုက်တဲ့ ကွမ်းယာသည် သန်းတင်မ ပြောတာပါ။
ခါး မပါဘူးတဲ့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW