ကမာရွတ် အင်းဝဘဏ်အနီး အငှားယာဥ်​မောင်းတဦး အသတ်ခံရ

ဧပြီ ၂၈-၂၀၂၃
SN (VOM)

ရန်ကုန့်မို့၊ ကမာရွတ်မြို့နယ်၊ အင်းဝဘဏ်အနီးမှာမနေ့ ဧပြီ ၂၇ ရက်၊ ည ၇ နာရီဝန်းကျင်က အငှားယာဥ်​မောင်းတဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ့ အငှား‌ယာဉ်မောင်းကို အမှတ် (၄)ရပ်ကွက်၊ဘုရင့်​နောင်လမ်းမ​ပေါ်က သူ့ရဲ့ကားပေါ်မှာပဲ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အင်းဝဘဏ်ရှေ့မှာ လူသုံးယောက်က တက္ကစီငှားတဲ့ပုံစံနဲ့ လုယက်တာလို့ ကနဦးသိရတယ်။ ယာဉ်မောင်းက ပြန်ခုခံတဲ့အတွက် ဓါးနဲ့အချက်ပေါင်းများစွာထိုးပြီး ထွက်ပြေးသွားတာ”လို့ ဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်အပြီး ည ၉ နာရီ ၅၅ မိနစ်မှာ စစ်တပ်နဲ့ရဲတွေ ရောက်ရှိလာပြီး ဗဟိုလမ်းအောက်ပိုင်းတကြောကို ဝင်ရောက်စစ်ဆေးမှုတွေ အချိန်အတော်ကြာ ပြုလုပ်ခဲ့ကာ ည ၁၁ နာရီဝန်းကျင်မှသာ ရွာမကွေ့၊ ရွာမကျောင်းလမ်းဘက်သို့ ပြန်လည် ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

အခုဖြစ်စဥ်မှာ သေဆုံးသူယာဥ်​မောင်းရဲ့တက္ကစီယာဥ်အမျိုးအစားက တိုယိုတာကယ်ဒီးနား (အနက်​ရောင်)၊ ကားနံပါတ် BB – 5072 ဖြစ်​တယ်လို့ မှတ်တမ်းဓာတ်ပုံတွေအရ သိရပြီး လူသတ်မှု ကျူးလွန်သူတွေကတော့ ယမန်​နေ့ညကတည်းက ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ တက္ကစီလုယက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်တွေဟာ အရင်ကထက်ပိုပြီး အတင့်ရဲစွာ ခပ်စိတ်စိတ် ဖြစ်ပွားလာနေတာကို တွေ့ရပါတယ်။

ဧပြီ ၂၆ ရက်၊ ညပိုင်းကလည်း တောင်ဒဂုံစက်မှုဇုန် (၁)ကနေ ပင်လုံအိမ်ယာကို အမျိုးသား(၃)ဦး ကားငှားစီးလာကာ မြောက်ဒဂုံမြို့နယ်၊ ပင်လုံအိမ်ယာအနီး လူပြတ်တဲ့နေရာအရောက် အငှားယာဥ်မောင်းကို ဓားနဲ့ဝိုင်းထိုး သတ်ဖြတ်ပြီး ယာဥ်ကိုလုယက်သွားမှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ့လိုပဲ ဧပြီ ၁၂ ရက်ကလည်း တက္ကစီယာဉ်မောင်းတစ်ဦး ပျောက်ဆုံးခဲ့ပြီး ဧပြီ ၁၄ ရက်မှာတော့ ပုပ်ပွနေတဲ့ သူ့ရဲ့ရုပ်အလောင်းကို ဓားဒဏ်ရာ ၃ ချက်နဲ့ အင်းစိန်ကြို့ကုန်းအနောက် သစ်တောဝန်း ခြုံပုတ်တနေရာမှာ တွေ့ရှိခဲ့တာလည်း ဖြစ်ပွါးခဲ့ပါသေးတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန် #တက္ကစီယာဥ်မောင်း #အသတ်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW