ဆူဒန်ကနေ အိမ်နီးချင်းနိုင်ငံတွေကိုထွက်ပြေးသူအရေအတွက် မြင့်တက်လာနေ

ခါတွမ်၊ ဧပြီ-၂၈-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ဟာ ဧပြီ ၂၈ ရက်ကစပြီး နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာလိုက်ပေမယ့် တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါတယ်။

နှစ်ဘက်အကြား ယခင်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် မကုန်ဆုံးမီ သန်းခေါင်ယံအချိန်မှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး မြို့တော်ခါတွမ်နဲ့ အနောက်ဒါဖာပြည်နယ်တို့မှာ အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာပင် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

အပစ်အခတ်ရပ်စဲထားပေမယ့် ဆူဒန်ကနေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာသူအရေအတွက် တိုးပွားလာနေပြီး ကုလသမဂ္ဂနဲ့ အမေရိကန်တို့ဟာ ရေရှည်တည်မြဲတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းထားပါတယ်။

ဆူဒန်မှ လူပေါင်း ၁၆၀၀၀ ကျော် ထွက်ပြေးလာကြောင်း အီဂျစ်အစိုးရက ထုတ်ပြန်ထားပြီး ချဒ်နိုင်ငံကိုလည်း လူ ၂၀၀၀၀ ကျော်ထွက်ပြေးလာတယ်လို့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းဒုက္ခသည်များအဖွဲ့ကပြောပါတယ်။

သူတို့ထဲက အများစုဟာ စားနပ်ရိက္ခာနဲ့ ရေကဲ့သို့ အခြေခံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေကြောင်း အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်တို့အကြား ဧပြီ ၁၅ ရက်ကစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူ ၅၁၂ ဦးသေဆုံးခဲ့ကြောင်း ဆူဒန်ကျန်းမာရေး၀န်ကြီးဌာန တာ၀န်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

Ref: NHK
Photo: UNHCR/ AFP
#voiceofmyanmar #VOM #ခါတွမ်

Related posts

VOM News

FREE
VIEW