မြေဩဇာကို ပြင်ပပေါက်စျေးထက်‌လျှော့ရောင်းပေးမယ်ဆိုတဲ့အပေါ် တိကျတဲ့အချက်အလက် မသိရတာကြောင့် တောင်သူတွေ အဆင်မပြေဖြစ်

ဇွန် ၃၀ – ၂၀၂၃
GG (VOM)

ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး ၄ ခုက မိုးစပါး စိုက်ဧက ၅.၃ သိန်းဧကအတွက် မြေဩဇာတွေကို ပြင်ပပေါက်စျေးထက်လျှော့ပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကသိရပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းမှာ မိုးစပါး စီမံကိန်းကို အကောင်အထည်ဖော်မှာဖြစ်ပြီး အဲ့ဒီ စိုက်ဧကတွေ အတွက်က မြေဩဇာ တန်ချိန်ပေါင်း ၇၉၅ဝဝ လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

” အခုမှ အစည်းအဝေးလုပ်ကြတုန်းပဲ။သေသေချာချာ မသိရသေးဘူး။မြေဩဇာရောင်းပေးမှာတော့ ဟုတ်ပါတယ် “လို့ သမဝါယမဦးစီးဌာနက အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

သမဝါယမဦးစီးဌာနအနေနဲ့ မြေဩဇာတွေကို တိုင်းဒေသကြီးအလိုက် ရောင်းချပေးမယ့်ပုံစံ ၊တောင်သူတွေ ဝယ်ယူနိုင်မယ့် အစီအစဥ်​တွေကို ကြေညာအသိပေးခြင်းမရှိသေးတာကြောင့် ဝယ်ယူလိုတဲ့ တောင်သူတွေအတွက် အဆင်မပြဖြစ်နေရတယ်လို့ သိရပါတယ်။

” ရောင်းပေးမယ်လို့တော့ ကြားတယ်။ဒါပေမယ့် ဘယ်လိုဝယ်ရမယ်၊ဘယ်မှာဝယ်ရမယ်၊ဘယ်သူ့ကို ပြောရမယ် အခုထိဘာမှမသိရသေးဘူး။ စျေးကတော့ ၁၅ ပတ်လည်ဆိုရင် ၁၅၀၀၀ လောက်သက်သာတယ်။ ပုလဲဆိုလည်း စျေးသက်သာပါတယ်။ ရန်ကုန်မှာ ရောင်းပေးတဲ့စျေကတော့ သက်သာတယ်။နယ်ကိုဘယ်လိုဖြန့်မလဲသိချင်တာပေါ့။ လယ်အများကြီးရှိသူဆို ဝယ်ဖို့တန်တယ်လေ ဒါကြောင့် ရောင်းပေးမှာက ဘယ်လိုလဲဆိုတာကို သိချင်တာပါ၊မနှစ်တုန်းကတော့ ဆိုင်တွေမှာပဲ သတ်မှတ်စျေးနဲ့ဝယ်ရတာ “လို့ ဧရာဝတီတိုင်းက စပါးစိုက်တောင်သူတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းမှာတော့ ယူရီးယား မြေဩဇာတစ်အိတ်ကို ၇၅ဝဝဝ ကျပ်နဲ့ ရောင်းချပေးမှာဖြစ်ပြီး ကွန်ပေါင်းကီလို ၅ဝ တစ်အိတ်ကိုတော့ ၁၁၅ဝဝဝ နှုန်းနဲ့ဖြန့်ဖြူး ရောင်း ချပေးမှာဖြစ်တယ်လို့ သိရပါတယ်။

” ၁၅ ပတ်လည်က အရင်ရက်ကမေးထားတာ ၁၃၀၀၀၀ ကျော်တယ်။ ကျနော်တို့ပြည်ဘက်က အခုပြောတဲ့တိုင်းတွေထဲ မပါပေမယ့် စီမံကိန်းဧကထဲပါလို့ထင်တယ်၊မြေဩဇာချပေးမယ်လို့ပြောတယ်။ဘယ်လောက်ရမလဲတော့မသိသေးဘူး “လို့ ပြည်မြို့နယ် စပါးစိုက်တောင်သူတစ်ဦးကပြောပါတယ်။

ပဲခူးတိုင်းထဲက မိုးစပါးစိုက်ဧကတွေထဲက ရေသွင်းပြီး စပါး အစေ့ချစက်နဲ့ စိုက်ပျိုးတဲ့ တောင်သူတွေနဲ့ စပါးပျိုးပင်ကို ကောက်စိုက်စက်နဲ့စိုက်ပျိုးတဲ့တောင်သူတွေကိုလည်းစိုက်ပျိုးရေးဦးစီးဌာနက မြေဩဇာတွေ ထုတ်ရောင်းပေးဖို့ စာရင်းတွေကောက်နေတယ်လို့သိရပါတယ်။

အခု နွေစပါးရာသီမှာလည်း ပဲခူးတိုင်းထဲက နွေစပါးစိုက်တောင်သူတွေကို စပါးပေါ်ချိန် ပေးချေရမယ့် အကြွေးစနစ်နဲ့ ရောင်းချပေးခဲ့တာရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်မှာ ပြည်ပကနေ မြေဩဇာတန်ချိန် ၂၂ သိန်းကျော်တင်သွင်းခဲ့ကြောင်း ၊ တင်သွင်းမှုအများဆုံးမြေဩဇာက နိုက်ထရိုဂျင် ယူရီးယားဓာတ်မြေဩဇာနဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပြီး တောင်သူတွေကို ယူရီးယားဓာတ်မြေဩဇာကို ဖြန့်ဖြူးရောင်းချပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြေဩဇာ #တောင်သူအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW