အဆိုတော် မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့ရဲ့ ဖျော်ဖြေပွဲ မလုပ်ဖြစ်တော့ဘူးလို့ သိရ

ဇူလိုင် ၄ – ၂၀၂၃
SN (VOM)

ရန်ကုန်က Novotel Yangon Max မှာ သီးသန့်ဝိုင်းတွေနဲ့ ပြုလုပ်မယ့် အဆိုတော် မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့ရဲ့ “A Night with Myo Gyi & Wine Wine” ဖျော်ဖြေပွဲကို မပြုလုပ်ဖြစ်တော့ဘူးလို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။

အဲ့ဒီ့ပွဲနဲ့ပတ်သက်လို့ ဝင်ကြေးအဖြစ် လူရှစ်ယောက်စာ တစ်ဝိုင်းကို ကျပ် ၂၅ သိန်း သတ်မှတ်ထားတယ်လို့ ကြော်ငြာထားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ဒီပွဲကို မကျင်းပဖြစ်တော့ဘူးလို့ သိရပါတယ်။

Novotel Yangon Max ရဲ့ လူမှုကွန်ရက်မှာ ဒီပွဲနဲ့ ပတ်သက်လို့ “A Night With Myo Gyi & Wine Wine ပွဲအား ပြုလုပ်တော့မည် မဟုတ်ပါကြောင်း ရိုသေလေးစားစွာ အသိပေးအပ်ပါတယ်။ အဆင်မပြေမှုများအတွက် Novotel Yangon Max မှ သက်ဆိုင်သူအားလုံးအား အနူးအညွှတ် တောင်းပန်အပ်ပါတယ်” ဆိုပြီး အသိပေးလာတာ ဖြစ်ပါတယ်။

အဲ့ဒီ့ ဖျော်ဖြေပွဲကို လာမယ့် ဇူလိုင် ၂၁ ရက်၊ ည ၇ နာရီအချိန်မှာ ရန်ကုန်မြို့၊ ပြည်လမ်းရှိ Novotel Yangon Max မှာ ကျင်းပမှာဖြစ်ပြီး လူရှစ်ယောက်စာ စားပွဲ၊ အခန်းနှစ်ခန်း၊ စကော့ဝီစကီတစ်လုံး၊ ဘီယာ၊ ဝိုင်နဲ့အမြည်းတွေကို Free Flow သုံးဆောင်ရင်း နားဆင်နိုင်မှာဖြစ်တယ်လို့ ကြော်ငြာထားခဲ့တာ ဖြစ်ပါတယ်။

ည ၇ နာရီကနေ ည ၁၀ နာရီအထိ သုံးနာရီစာ ဖျော်ဖြေမယ့် အဲ့ဒီ့ပွဲဟာ သိုသိပ်စွာနဲ့ပြုလုပ်မယ့် ပွဲဖြစ်သလို ဝိုင်းအများကြီးမရောင်းဘဲ လူအနည်းငယ်လောက်ကိုသာ အားပါးတရ ဖျော်ဖြေပေးမှာဖြစ်တယ်လို့ Bo Chan Tun အကောင့်ပိုင်ရှင်ကလည်း လူမှုကွန်ရက်ကတစ်ဆင့် အသိပေးထားခဲ့တာ ဖြစ်ပါတယ်။

လူရှစ်ယောက်စာတစ်ဝိုင်းကို တစ်ယောက်ကို ကျပ် ၃၁၂၅၀၀ နှုန်း ကျသင့်မယ့် အခု ဖျော်ဖြေပွဲဟာ ဒေါ်လာနဲ့တွက်ရင် ဒေါ်လာ ၈၀၀ လောက်သာ ကုန်ကျမယ့်ပွဲလည်းဖြစ်ပြီး ပရိသတ် အနည်းဆုံးနဲ့ ဖျော်ဖြေမယ့် ပွဲလည်းဖြစ်တယ်လို့ ပွဲစီစဉ်သူတွေဘက်က ပြောဆိုထားပေမယ့် လက်ရှိမှာတော့ ဒီပွဲကိုဖျက်သိမ်းတယ်လို့ ကြေညာထားပြီး အကြောင်းရင်းကို ‌အ‌သိပေးထားခြင်း မရှိပါဘူး။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW