ဇူလိုင်၊ ၁၀-၂၀၂၃
MM(VOM)
ဧရာဝတီတိုင်းမှာ အခုနှစ် ပထမ(၆)လအတွင်း အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် နိုင်ငံသားအထောက်အထားမဲ့သူ အယောက်(၄၀၀)ကျော်အဖမ်းခံရပြီး အယောက်(၃၀၀)ကျော် ထောင်ဒဏ်တွေချမှတ်ခံထားရတယ်လို့ အထောက်အထားမဲ့သူတွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။
အဲ့ဒီ အထောက်အထားမဲ့ အယောက် (၄၀၀)ကျော်ကို အခုနှစ် ဇန်နဝါရီ(၁)ရက်ကနေ ပြီးခဲ့တဲ့ ဇွန်လ(၃၁) ရက်အထိ ပထမ(၆)လအတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး
ပုသိမ်၊ ငပုတော၊ ကြံခင်း၊ မြောင်းမြ၊ ရေကြည်၊ ဝါးခယ်မ၊ဘိုကလေး၊ ဟိုင်းကြီးကျွန်း စတဲ့ မြို့နယ်တွေကနေ အများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
”အားလုံး အယောက် ၄၅၇ ယောက်ဖမ်းဆီးခံခဲ့ရတာ ၊ ထောင်ဒဏ် ၂ နှစ်နဲ့ ၅ နှစ်တို့ ပြစ်ဒဏ်ချမှတ်ခံထားရတာ အယောက် ၃၀၀ ကျော်အထိရှိခဲ့တယ် ၊အသက် ၁၈ နှစ် မပြည့်သေးသူတွေကို လူငယ်ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်ရတာတွေလည်းရှိတယ်၊ ဖမ်းဆီးခံရသူတွေထဲက အထောက်အထားမဲ့ ၃၀၀ ကျော်ကအခု နှစ်ရဲ့ ပထမ ၃ လထဲမှာဖမ်းဆီးခံရတာဖြစ်တယ်။ကျန်တဲ့ ၂ ဒုတိယ ၃ လထဲမှာ အဖမ်းခံရတာပါ။ ကလေးတွေနဲ့ အမျိုးသမီးတွေလည်း ပါတယ်။”လို့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို ကူညီပေးနေသူတစ်ယောက်ကပြောပါတယ်။
ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူအယောက် ၃၀၀ ကျော်ကို သက်ဆိုင်ရာ တရားရုံးအသီးသီးကနေ အသုတ်လိုက်ခွဲပြီး မှတ်ပုံတင် အက်ဥပဒေ ၆(၃)နဲ့ အများဆုံးထောင်ဒဏ်တွေချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဖမ်းခံရတဲ့ အထောက်အထားမဲ့တွေက ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာသူတွေပါ၊ မလေးရှားမှာ အလုပ်ရမယ်ဆိုပြီး မြန်မာနိုင်ငံသားပွဲစားတွေက ခေါ်လာတာ၊လှေနဲ့ပင်လယ်ပြင်ဖြတ်ရင်း လှေမှောက်လို့ သေကုန်တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်၊အကုန် ၄၀၀ ကျော်ထဲက ၂၀၀ ဝန်းကျင်က အမျိုးသမီး တွေဖြစ်ပါတယ်၊ ၂၀၀ ကျော်က အမျိုးသားတွေ အသက် ၁၈ နှစ်အောက် ကလေးငယ်အချို့နဲ့ အသက် ၁၀ နှစ်အောက် ကလေးငယ်အချို့လည်းပါတယ်၊ လ.ဝ.က မှတ်ပုံတင် အက် ဥပဒေနဲ့ အမိန့်ချတာများခဲ့တယ်။”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကပြောပါတယ်။
ဖမ်းဆီး ၊ထောင်ဒဏ်ချမှတ်ခံရတဲ့အပြင်အထောက်အထားမဲ့သူ အယောက်ရေ ၄၀ ကျော်လောက်ကလည်း ပြီးခဲ့တဲ့ (၆)လအတွင်း လှေတွေနဲ့ ထွက်ခွာလာရင် ပင်လယ်ပြင်မှာ လှေမှောက်လို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အရင် ၂၀၂၀ ပြည့်နှစ်အထိတော့ ဧရာဝတီတိုင်းအတွင်းမှာ ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့သူတွေကို သူတို့လာတဲ့ နေရာတွေ မေးမြန်၊စစ်ဆေးကာ ပြန်လည်ပို့ဆောင်ပေးတဲ့ အစီအစဉ်တွေလုပ်ခဲ့ပြီး သူတို့အပေါ် ထောင်ဒဏ်ပြစ်ဒဏ်တွေချမှတ်တာတွေ မလုပ်ခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ထဲမှာတော့ ဧရာဝတီတိုင်းမှာ နိုင်ငံသား အထောက် အထားမဲ့သူ အယောက် ၇၀၀ ဝန်းကျင် ဖမ်းဆီးခံရပြီး စက်လှေတွေနဲ့ ပင်လယ်ပြင်ကနေ လာတဲ့အချိန် စက်လှေပျက် ၊ မုန်တိုင်းမိကာ ပင်လယ်ထဲ မျောပါသွားလို့ အစာငတ်ကာ သေဆုံးခဲ့ရသူ အယောက် ၇၀ ကျော်အထိရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #ဧရာဝတီ #အထောက်အထားမဲ့ #ဖမ်းဆီးခံရမှု