ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီးပြော

ဂျကာတာ၊ ဇူလိုင်-၁၂-၂၀၂၃
မျိုးဆက်(VOM)

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွန်ခဲ့တဲ့သီတင်းပတ်က တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ဇူလိုင် ၁၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ သူမရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးက အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအဝေးမှာ သတင်းထောက်တွေကို ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲဖြစ်ပွားပြီးနောက် သူမအပေါ်စွဲချက်တွေနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၃၃ နှစ်ကြာ ချမှတ်ခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ နိုင်ငံခြားသံတမန်တွေရဲ့ အကြိမ်ကြိမ်တောင်းဆိုမှုကို မြန်မာအာဏာပိုင်တွေက ပယ်ချခဲ့ပြီး တရားခွင်တွေမှာလည်း သူမရဲ့ရှေ့နေတွေကို မီဒီယာတွေနဲ့ စကားပြောခွင့် ပိတ်ပင်ထားပါတယ်။

ထိုင်းနိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံရပြီးနောက် ပထမဆုံးသော သံတမန်တွေ့ဆုံမှုလည်းဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းအဆုံးသတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုကို အားပေးကြောင်း ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ နေအ်ိမ်ကျယ်ချုပ်ကနေ လက်ရှိအကျဉ်းကျခံနေရတဲ့ အကျဉ်းထောင်ကို အာဏာပိုင်တွေက ပြောင်းရွှေ့ခဲ့ပါတယ်။

Ref: CNA
Photo:Bernama
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW