ဆူးငှက်
၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နေသူရိန်ရုံကြီး၌ “အထက်ဗမာ(မြန်မာ)နိုင်ငံ
ကိုယ်လက်ကျန်းမာရေးအသင်းကြီး”၏ ကာယဗလပြပွဲကြီးကျင်းပပြီးနောက်ရက် ဒီဇင်ဘာ (၃ဝ)ရက်နေ့တွင် မန္တလေးမြို့ဆိုင်ရာအစည်းအဝေးကြီးတစ်ခုကိုလည်း ဆက်တိုက်ကျင်းပခဲ့လေသည်။ ထိုအစည်းအဝေးကြီးမတိုင်မီ ဒီဇင်ဘာ ၂၆ရက်နေ့က အစိုးရဗိသုကာကြီးများဖြစ်သော မစ္စတာဘွတ်ရှ်နှင့် ဦးအုန်းသန်းတို့ မန္တလေးမြို့သိုရောက်ရှိလာကြပြီး မြို့မိမြို့ဖများနှင့တွေ့ဆုံကာ မန္တလေးမြို့တော် ပြန်လည်တည်ဆောက်ရေးဆိုင်ရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးချက်များကိုအခြေခံပြီး ဒီဇင်ဘာ ၃ဝ ရက်နေ့ နေသူရိန်အစည်းအဝေးကြီးတွင် မြို့လူထုကြီးနှင့်ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြခြင်းဖြစ်သည်။
ထိုဆုံးဖြတ်ချက်များမှာ
(၁)လောကဓာတ်နည်းအားဖြင့် ပြန်လည်ထူထောင်ရေးစနစ်ကိုတိုးတက်စေရန် ဗမာ(မြန်မာ)နိုင်ငံထူထောင်ရေးအဖွဲ့ တစ်ဖွဲ့ မန္တလေးတွင် ဖွဲ့စည်းရန်။
(၂) သာသနာရေးအဆောက်အဦများနှင့နေရာများကို မထိခိုက်စေဘဲ တိုင်းသူပြည်သားတို့၏
လိုအပ်သော အရာများကို အခြေပြု၍ခေတ်မှီနည်းအရ မန္တလေးမြို့ကြီးကို ပြန်လည်တည်ဆောက်ရန် စသည်တို့ဖြစ်၏။ ထိုဆုံးဖြတ်ချက် များနှင့်ပတ်သက်၍ ကနဦးလုပ်ဆောင်ချက်များအနေနှင့် စိန်ပန်း၊မင်းတဲအီကင်းစသည့် အနောက်ပိုင်း မြေနိမ့်ရေဝင်ရပ်ကွက်များကိုပြုပြင်ရန်၊ နန်းမြို့အတွင်း၌ ဆေးရုံများ၊ကျောင်းများ၊ ရုံးများ နေရာချထားရန်နှင့် ကူးသန်းရောင်းဝယ်ရေးဌာနများကိုဆိပ်ကမ်းနှင့်နီးကပ်စွာထားရှိရန်တို့ကိုလည်း ယာယီရေးဆွဲစီစဉ်ထားသည်ဟုဆို၏။
စစ်ဘေးစစ်ဒဏ်ကြောင့် သုံးနှစ်ပတ်လုံး ပျက်စီးယိုယွင်းကာ လူသူဆိတ်ငြိမ်ခဲ့သော မန္တလေးသည် ၁၉၄၇ သိုရောက်လာသောအခါ အရှိန်ရလာပြီး အတော်အတန် စည်ကားလာသည်။ အထူးသဖြင့် မန္တလေးတောင်၊ မဟာမုနိဘုရားကြီးနှင့ဈေးချိုတော်ကြီးတို့၌ ကျိတ်ကျိတ်တိုးစည်ကားလှ၏။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကြသူများကလည်း ဈေးချိုတော်သို့ မဝင်မဖြစ် ဝင်ရောက်လာကြသည်။ အရောင်းအဝယ် ကုန်စည်အကူးအသန်းဖြင့် ဈေးချိုတော်သို့ လာရောက်ကြသူများကလည်း မဟာမုနိဘုရားကြီးနှင့် မန္တလေးတောင်သို့ မဖြစ်မနေ ဘုရားဖူးသွားကြ၏။ အင်္ဂလိပ်ကျောင်း၊ မြန်မာကျောင်းများလည်းဖွင့်လှစ်စာသင်ကြားကြပြီဟုဆို၏။
ဓာတ်ရှင်ရုံများ၊ ကြည့်ချင်ပွဲဇာတ်များ၊ ရုံဇာတ်ပွဲကြီးများလည်း ခင်းကျင်းကပြနေကြပြီ။ ကက်စဘီခေါ် စစ်အုပ်ချုပ်ရေးCicril Administration Service, Burma (C.A.S.B)ကလည်း ၁၉၄၅ အောက်တိုဘာလ ၉ ရက်နေ့စတင်ခဲ့ပြီး မတ်လ ၂ဝ ရက်နေ့တွင် ရုပ်သိမ်းပြီးပြီ။ ထိုကာလအတွင်း ဇွန်လ၌ပင် မန္တလေးမြို့၌ ဖ.ဆ.ပ.လ ဆိုင်းဘုတ်ကို ဖွဲ့စည်းတင်ဆောင်နိုင်ခဲ့သည်။ ဥက္ကဋ္ဌမှာဆရာကြီးဦးရာဇတ်ဖြစ်ပါ၏။ နောင်အခါ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အစိုးရအဖွဲ့ ဖွဲ့စည်းသောအခါ ဆရာကြီးဦးရာဇတ်က ပညာရေးဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရလေသည်။
ကမ္ဘာစစ်ကြီးအပြီးတွင် ဆရာကြီးဦးရာဇတ်က ၁၉၂၅ ခုနှစ်ကတည်းကတည်ထောင်ခဲ့သော
မန္တလေး ဥပစာကောလိပ်ကိုလည်း ပြန်လည်ဖွင့်လှစ်ရန် စိုင်းပြင်းခဲ့သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလသို့ ရောက်သောအခါ တက္ကသိုလ်ထူထောင်ရေးအဖွဲ့(University Organization Comittee)က မန္တလေးဥပစာကောလိပ် (Mandalay Intermediate College)အမည်ဖြင့် ဒီဂရီအဆင့်အတန်းသို့မြှင့်တင်၍ ပြန်လည်ဖွင့်လှစ်ရန် အစီရင်ခံစာကို ထောက်ခံတင်ပြခဲ့သည်။
ထိုထောက်ခံချက်အရ ရန်ကုန်တက္ကသိုလ်အာဏာပိုင်အဖွဲ့အစည်းက မန္တလေးတက္ကသိုလ်ကောလိပ်ကို ဖွင့်လှစ်ရန် အသေးစိတ်အစီအစဉ်များရေးဆွဲ၍ ကုန်ကျစရိတ်များပါ ပူးတွဲဖော်ပြလျက် ပညာရေးဝန်ကြီး ဦးရာဇတ်ထံတင်ပြခဲ့ရာ ပညာရေးဝန်ကြီးက အစိုးရအဖွဲ့၏ သဘောတူညီချက်ကိုရယူခဲ့ပါသည်။ ဤသို့ဖြင့် ၁၉၄၇ ခုနှစ် မေလတွင် ဦးကိုလေး(ဇေယျာမောင်) အားကျောင်းအုပ်အဖြစ် ခန့်ထားပြီး မန္တလေးတက္ကသိုလ်ကောလိပ် ဖွင့်လှစ်နိုင်ရန် မန္တလေးသို့ စေလွှတ်လိုက်၏။
မန္တလေးဥပမာကောလိပ်ကား အဆောက်အဦများများစားစား မရှိ။ ဤသို့ မရှိရသည့်အထဲ ပင်မ အဆောက်အဦကြီးကို မဟာမိတ်တပ်များက အိန္ဒိယစစ်တပ်၏ စစ်ဆေးရုံအဖြစ် အသုံးပြုထားသည်။ ရတနာပုံအဆောင်ကိုလည်း ကြေးနန်းဌာနအဖြစ် အသုံးပြုထားသေး၏။ ၎င်းကြေးနန်းဌာနအဆောက်အအုံအား ၁၉၄၇ ခု ဇွန်လ ၁၅ ရက်နေ့တွင် လည်းကောင်း၊ ပင်မအဆောက်အဦကြီးအား ၁၉၄၇ ခုဇူလိုင်လ ၁၅ရက်နေ့များတွင်လည်းကောင်း ပြန်လည်ရရှိခဲ့ကြသည်။ ဤသို့ဖြင့် မန္တလေးတက္ကသိုလ်ကောလိပ်ကို ၁၉၄၇ခု ဇူလိုင်လ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ပထမနှစ် ဥပစာတန်းသို့ ကျောင်းသူကျောင်းသား ၁ဝ၃ ဦး စတင်တက်ရောက် သင်ကြားခဲ့ကြသည်။
စစ်ကြီးအပြီး စစ်ကိုင်းတောင်ရိုးမှပြန်လာကြကာ ပြန်လည် စုစည်းခဲ့ကြသော မြို့မတူရိယာအသင်းကြီးကလည်း နောက်ဆုံးပေါခေတ်မီတူရိယာပစ္စည်းများကို ကျွမ်းကျင်စွာ တီးမှုတ်နိုင်သဖြင့် မျက်နှာပွင့်ကာ ထင်ပေါ်နေသည့် အချိန်လည်းဖြစ်သည်။ မြို့မျက်နှာဖုံးသူဌေးမျိုးရိုးဖြစ်သော အကယ်ဒီယံမောင်သန့်တို့ကဲ့သို့ သူဌေးသားများ၊ ကိုဘသက်၊ကိုဘညိန်းတို့လို ဂီတပညာရှင်ကြီးများဦးဆောင်ကာ ပညာတတ်လူငယ်ကလေးများက နောက်ဆုံးပေးအနောက်တိုင်းတူရိယာများအား ပိုင်နိုင်စွာကိုင်တွယ်နိုင်ကြမှုကလည်း အများတကာ၏ အံ့သြဂုဏ်ယူစရာဖြစ်စေခဲ့သည်။ ထို့ကြောင့် မန္တလေးဈေးချိုတော်ကြီးအတွင်း၌ မန္တလေးတက္ကသိုလ်ကောလိပ်
ဥပစာကျောင်းသားနှင့် မြို့မ အသင်းသားများကား ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်များဖြစ်ခဲ့ကြ၏။
ကောလိပ်ကျောင်းသားအများစုနှင့် မြို့မအသင်းသားများကလည်း ဈေးချိုရုံကြီး ၁၂ရုံတစ်လျှောက်ပြပြီးနောက် ဈေးအနောက်မြောက်ထောင့်ရှိ ;ဆိုင်ဒူးခန်း; အမည်ရှိ လက်ဖက်ရည်ဆိုင်တွင် စတည်းချကြသည်ချည်းဖြစ်သည်။ ထိုလက်ဖက်ရည်က ဈေးချိုတော် (အေ)ရုံ၏ အနောက်မြောက်ထောင့် ၂၆ဘီ အာဇာနည်လမ်း၏တောင်ဘက်ကပ်လျက်တည်ရှိသည်။ အရှေ့ဘက်မျှော်ကြည့်လိုက်လျှင် နာရီစင်ကြီးက လက်တစ်လှမ်းအကွာ၌ပင် တည်ရှိနေပြီး အရှေ့ဘက်တွင်;မာရဂျမ်း;တိုက်ရှိနေပြီး ၈၃ လမ်းထိပ်၌ ;ကာတစ်အင်အိုး; အင်္ဂလိပ်ဘယဆေးတိုက် ရှိနေ၏။ ၈၂ လမ်းထိပ် ကုန်းမော့မော့တွင်မူ ရိုးလ်ကုမ္ပဏီတိုက် ရှိနေသည်။
တကယ်တော့ ထိုစဉ်က ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်ခဲ့သည့် မန္တလေးဥပစာကောလိပ်နှင့် မြို့မတူရိယာအသင်းတို့က မကြာမီ ၂၀၂၅ ခုနှစ်တွင် သက်တမ်း ၁၀၀ ပြည့်ကြတော့မည်။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး