အမြန်လမ်းမှာ (၆)လအတွင်း မတော်တဆမှုကြောင့် လူ ၅၃ ဦးသေဆုံးခဲ့ပြီး၊ စည်ကမ်းမလိုက်နာတဲ့ယာဉ် ၇၅၀၀ကျော်အထိရှိခဲ့

ဇူလိုင်၊ ၁၃-၂၀၂၃
MM(VOM)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ပထမ(၆)လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ(၅၃) ယောက်သေဆုံးခဲ့ပြီး (၁၆၂)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စည်းကမ်းမလိုက်နာတဲ့ ယာဉ်အစီးရေ(၇၅၄၈) စီးကို အရေးယူထားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

”၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ပထမ ၆ လအတွင်း အမြန်လမ်းပေါ်မှာ စည်းကမ်းမလိုက်နာတာကြောင့် အရေးယူခဲ့ရတဲ့ ယာဉ်အစီးရေ ၇၅၄၈ စီးရှိခဲ့တယ်၊ ၆ လအတွင်းအမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု ၈၃ မှု ဖြစ်ပွားခဲ့တယ်၊ ယာဉ်တိုက်မှုတွေကြောင့် လူ ၅၃ ယောက်သေဆုံးခဲ့ပြီး ၁၆၂ ယောက် ဒဏ်ရာရရှိခဲ့တယ် ၊အမြန်လမ်းတလျှောက်မှာ မော်တော်ယာဉ်တွေ သတ်မှတ် အရှိန်ထက်ကျော်လွန်မောင်းနှင်းမှု မရှိစေဖို့နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့အတွက် မော်တော်ယာဉ်အရှိန်တိုင်းတာတဲ့စက်တွေ တပ်ဆင်ထားပြီး စစ်ဆေးဆောင်ရွက်နေတယ်”လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူကပြောပါတယ်။

အမြန်လမ်း ယာဉ်တိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အမှုစစ်တာဝန်ရှိသူတစ်ဦး”က
”ဇန်နဝါရီလ မေလကုန်အထိ အမြန်လမ်းမကြီးပေါ်မှာ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်းတာကြောင့် တရားစွဲဆိုအရေးယူခဲ့တဲ့ယာဉ်အစီးရေစုစုပေါင်း ၆၅၂၀ ကျော်ရှိခဲ့တယ်၊ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ အရှိန်လွန် မောင်းနှင်မှုအပြင် အသက်ကယ်ခါးပတ် မပတ်ဘဲ စီးနင်းမှုကိုပါ လိုက်လံစစ်ဆေးခဲ့တယ်၊ ဒါ့ကြောင့် အမှုတွဲပေါင်း ၁၀၂၈ မှုအထိ ဖမ်းဆီးအရေးယူခဲ့တယ် ၊အဲ့ဒီအမြန်လမ်းမကြီးပေါ်မှာဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှု ၈၃ မှုကြောင့် ငွေကျပ် ၂၈၈ ဒသမ ၅၈ သန်း ဆုံးရှုံးခဲ့ရတယ်။”လို့ ပြောပါတယ်။

အမြန်လမ်းမကြီးမှာ ယာဉ်တွေအတွက် အရှိန်နှုန်းသတ်မှတ်ချက်အရ ကိုယ်ပိုင်အိမ်စီးကားလေးဖြစ်ပါက(၁)နာရီကိုကီလိုမီတာ (၁၀၀) အတွင်းမှာသာ မောင်းနှင်းရမှာဖြစ်ပြီး ခရီးသည်တင် Expressယာဉ်တွေဖြစ်ပါက (၁)နာရီ ၉၀ ကီလိုမီတာအတွင်းမှာပဲ မောင်းဖို့နဲ့ လုပ်ငန်းသုံးလိုက်ထရပ် ၊ ဟိုက်ဂျက်၊ ကုန်တင်ယာဉ် စတဲ့ ယာဉ်တွေကတော့(၁)နာရီကို ကီလိုမီတာ(၆၀)
အတွင်းမှာပဲ မောင်းနှင်ဖို့ကို အမျိုးသား ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက သတ်မှတ်ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီ အရှိန်သတ်မှတ်ချက်တွေကို ကျွမ်းကျင်ပညာရှင်တွေက တွက်ချက်ပြီးတော့ ညွှန်ကြားသတ်မှတ်ထားတာဖြစ်ပြီး အဲ့ဒီအရှိန်နှုန်းအတိုင်းမောင်းနှင်ရင် အန္တရာယ်ကင်းနိုင်မှာဖြစ်သလို အသက်ကယ်နိုင်ဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိမှုနည်းပါးစေဖို့ ယာဉ်မောင်းစဉ် ခါးပတ် ပတ်ထားကြဖို့ကိုလည်း တိုက်တွန်းထားချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်အတွင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်တိုက်မှု(၁၆၉)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၅၇) ယောက်အထိရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် ၂၀၂၂ခုနှစ်အတွင်း ယာဉ်တိုက်မှု ၁၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိတဲ့သူ အယောက် ၂၈၀ အထိရှိခဲ့ပြီး ယာဉ်တိုက်မှု ၁၆၉ ကြိမ်အတွက် အမှုဖွင့် အရေးယူထားသူ ၁၅၉ ယောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၊(၁)နှစ်တာအတွင်း ယာဉ်တိုက်မှုအကြိမ်ရေ စုစုပေါင်း(၂၄၀) အထိဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၈၄) ယောက် နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၃၉၄) ယောက်အထိ ရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #အမြန်လမ်း #၆လအတွင်းယာဉ်တိုက်မှုဖြစ်စဉ်

Related posts

Leave a Comment

VOM News

FREE
VIEW