မော်လမြိုင်မှာ ရပ်ကွက်အချို့ ရေကြီးရေးမြုပ်နေလို့ အရေးပေါ်ရွှေ့ပြောင်းနေရသလို အဆောက်ဦးပြိုကျလို့ ဒဏ်ရာရသူလည်းရှိနေ

ဇူလိုင် ၁၉ – ၂၀၂၃
GG (VOM)

မော်လမြိုင်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြို့ပေါ်ရပ်ကွက်အများစု ရေကြီး ရေနစ်မြုပ်နေလို့ ရပ်ကွက်နေထိုင်သူတွေ ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီနေ့ ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းမှာ ရွာသွန်းတဲ့မိုး နဲ့ မနေ့ ဇူလိုင် ၁၈ ရက်နေ့မှာရွာသွန်းခဲ့တဲ့ မိုးရွာသွန်းမှုအရှိန်ကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးရေနစ်မြုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မော်လမြိုင်-ဘားအံကားလမ်းဘေးက နေအိမ်ခြံ အုတ်တံတိုင်းပြိုကျလို့ အဆောင်ထဲရှိနေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာက ချောင်းအတွင်း ထင်းလိုက်ဆယ်တဲ့ အမျိုးသားတစ်ဦး ရေစီးနဲလည်း မျောပါ ပျောက်ဆုံးနေတယ်လို့သိရပါတယ်။

” ညကတည်းကလည်းရွာတယ်၊အခုမနက်လည်းတအားသည်းတယ်၊မိုးကမထင်ထားဘူး အရမ်းများတယ်၊ဘုန်းကြီးကျောင်းတွေလည်း ရေနစ်မြုပ်နေတယ်၊ရပ်ကွက်တွေလည်းများတယ်၊ကယ်ဆယ်ရေးတွေ အခုထိလုပ်နေတယ်။ရေစီးအားကလည်း သန်နေတယ် ။ လူထိခိုက်တာက ညောင်ပင်ဆိပ်ရပ်ကွက်၊ စက်မှုဇုန် လူနေရပ်၊ မော်လမြိုင်-ဘားအံကားလမ်းဘေးက ခြံ အုတ်တံတိုင်းပြိုကျတာပေါ့။အဲ့ဒါမှာအထဲကလင်မယား၂ယောက် ပိမိတာ၊ ခေါင်းတို့လက်တို့ထိမိတယ်၊စိုးရိမ်စရာတော့မရှိပါဘူး။” လို့ ကယ်ဆယ်ရေးလုပ်နေသူဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်မြို့က မြိုင်သာယာ၊ ဖက်ခင်း၊ ဇေယျာမြိုင်၊ ရွှေပြည်အေး၊ ဇေယျာ(၁)၊ (၂)၊ ဒိုက်ဝန်းကွင်း၊ ဈေးကြိုရပ်ကွက် ၊ တောင်ဝိုင်းရပ်၊ ကျွဲခြံကုန်း၊ ဒေါင်းမင်းရပ်၊ သီရီမြိုင် ၊ မုပွန်ရပ်ကွက် အပါအဝင် ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။

” ရေတအားသန်နေလို့ ကယ်ဆယ်ရေးလိုအပ်နေပါတယ်။အစားအစာတွေလည်း လိုအပ်နေတယ်။ ရေဝင်ပြီး နေမရတော့တာတွေရှိတယ်။ရွှေ့ပြောင်းဖို့လိုတယ်။မိုးပိုသည်းပြီး များလာရင် အဆင်မပြေဘူး ” လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။

မော်လမြိုင်မှာ အရင်နှစ်တွေကလည်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ရေးကြီးရေလျှံတာ ရေနစ်မြုပ်တာတွေ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

အလားတူ မနေ့ ဇူလိုင် ၁၈ ရက်နေ့မှာ မုဒုံ ၊ ရေး၊ သံဖြူဇရပ်က ရပ်ကွက်နဲ့ ရွာအချို့မှာလည်း ရေကြီး ရေလျှံမှုတွေဖြစ်ခဲ့လို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင် #ရေကြီးရေလျှံမှု

Related posts

Leave a Comment

VOM News

FREE
VIEW