ဇူလိုင်၊ ၂၆-၂၀၂၃
MM(VOM)
ဧရာဝတီတိုင်းမှာ Deliveryသမားတွေကို ပစ်မှတ် ထားပြီး ဓားထောက်၊ ဓားပြတိုက်၊လုယက်တဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး Delivery လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်သူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ အဲ့ဒီလုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ ၂၅ ရက်အထိ ၂၅ရက်အတွင်း ဧရာဝတီတိုင်းမှာ Delivery သမားတွေကို ပစ်မှတ်ထား လုယက်၊ဓားပြတိုက်တဲ့ ဖြစ်စဉ် ဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပစ္စည်းပို့ပြီး ပြန်လာတဲ့အချိန်ကို အသင့်စောင့်ကာ ဓားထောက်၊ လုယက် ဓားပြတိုက်တာတွေလုပ်လာ တယ်လို့ သိရပါတယ်။
“အခုက ကောင်းကောင်းလုပ်ကိုင်စားသောက်တော့လည်း အဆင်ပြေဘူး၊ အသက်အန္တရာယ်ရန်ရှာခံရတဲ့အထိ ဖြစ်လာတယ်၊ တစ်နေ့က ပစ္စည်းပို့ပြီးပြန်လာတာ၊ ငွေနည်းနည်းပါတာပေါ့၊ ငွေသား ၄ သိန်းကျော်ပါသွားတယ်၊သူတို့က နောက်ကနေလိုက်တာ၊ ဆိုင်ကယ် နှစ်စီးနဲ့ ၊လူ၄ ယောက် သူတို့ မျက်နှာတွေတောင် သေချာမမြင်လိုက်ဘူး၊ အနားရောက်တော့ ကျွန်တော်ဆိုင်ကယ်ကို တိုက်ချလိုက်တာ၊ ကျွန်တော်က တစ်ယောက်ထဲလေ ၊ လဲသွားတော့ သူတို့ထဲက တစ်ယောက်က ကျော့ပိုး အိတ်ကိုဆွဲယူတာ၊ ကျန်တဲ့သူတွေက ကျွန်တော်ကိုချုပ်ထားတာ ၊ လည်ပင်းကို အချွန်တစ်ခုနဲ့ထိုးထားတာ ၊ နောက်ပြီး အိတ်ထဲက ကျွန်တော့်ဖုန်းရော ပစ္စည်းဖိုး ငွေလေးတွေရော အကုန်ယူသွားတာ၊ ဒါမျိုးတွေ ကျွန်တော်တို့ဘက်မှာ မကြာခဏ ဖြစ်လာတယ်၊ အရင်က ဒါမျိုးမဖြစ်ဖူးပါဘူး”လို့ ကိုယ်တွေ့ကြုံခဲ့ရသူ Deliveryတစ်ဦးက ပြောပါတယ်။
အဲ့ဒီ Delivery လုပ်ငန်းကိုင်သူတွေဟာ ငွေကြိုရှင်းရတဲ့ အလုပ်အပ်သူတွေရှိသလို ၊ယုံကြည်မှုနဲ့ ပစ္စည်းအားလုံး ပို့ဆောင်ပြီးမှသာ ငွေရှင်းပေးရသူတွေလည်းရှိပြီး အခုလို ဓားထောက်၊ ဓားပြတိုက်၊ လုယက်ခံရတာတွေကြောင့် ပို့ဆောင်ခထက် လျော်ပေးရသူတွေ ပိုများလာတယ်လို့ သိရပါတယ်။
“အလုပ်က မရှိ ဒီအလုပ်က အဆင်ပြေတော့ စားဖို့လေးပဲရရဆိုပြီး လုပ်နေတာ၊ အခုတော်တော်ကျောချမ်းနေတယ်၊ အလုပ်လုပ်ရတာ တရက်မှကိုမလွယ်တော့ဘူး၊ ပစ္စည်းပို့ခကကျလမ်းကြောင်းတစ်ခုကို ၃၀၀၀ ၊ ၄၀၀၀ ပဲရတာ၊ အလုခံရလို့ ဖုန်းရော၊ပိုက်ဆံတွေအပြင် ဆိုင် ကယ်ပါအလုခံရတော့ ဒုက္ခရောက်နေတယ်၊ကြောက် ကြောက်လန့်လန့်နဲ့ လုပ်နေရတာ၊ တရားဥပဒေမရှိတဲ့ တိုင်းပြည်လိုပဲဖြစ်နေတယ်။”လို့ မအူပင်မြို့မှ Delivery သမားတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နောက်ပိုင်း အလုပ်အကိုင် ရှားပါးလာတာ၊ နိုင်ငံရေးအခြေအနေနဲ့ ကုန်ဈေးနှုန်းမြင့်တက်တာ စတဲ့အချက်တွေကြောင့် ခိုးယူ၊ လုယက် ၊ဓားပြတိုက်တဲ့လုပ်ငန်းတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်လာကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ဆိုင်ကယ်ကယ်ရီငှားကာ လမ်းမှာလူရှင်းတဲ့နေရာအရောက် လူကို ရိုက်နက် ဆိုင်ကယ်လုယက်တာ၊ကုန်ကားကြီးတွေနောက်မှာ ဆိုင်ကယ်နဲ့လိုက်ပြီး ကုန်ကားပေါ်က ပစ္စည်းတွေကို ခိုးယူတဲ့အထိလုပ်ဆောင်လာတဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ဧရာဝတီ #Deliveryသမားအခက်အခဲ #လုယက်မှု