တောင်ကုတ်မြို့နယ်ခန်းမနားက ရွှေဆိုင် သိန်း ၆၀၀ ကျော် ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံရ

ဇူလိုင် ၂၇ – ၂၀၂၃
GG (VOM)

ရခိုင်ပြည်၊ တောင်ကုတ်မြို့၊ မြို့နယ်ခန်းမအနီး ဖွင့်ထားတဲ့ ” ရွှေပွင့်အိမ် ရွှေဆိုင် “ဟာ ဒီနေ့ ဇူလိုင် ၂၇ ရက် ညနေပိုင်းက ဓားပြတိုက်ခံရပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်း တွေ ပါသွားတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ အခုညနေ ၂ နာရီ ကျော်ခန့်မှာ အမည်မသိအမျိုးသား ၂ ယောက်ဟာ ဆိုင်ကိုရောက်လာပြီး ဆိုင်ရှင်ကို သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်မှာပြသထားတဲ့ ရွှေထည်ပစ္စည်းတွေကို လုယက်သွားတာဖြစ်တယ်လို့သိရပါတယ်။

” ဆိုင်ကယ်အုပ်ထုပ်ဆောင်းထားတဲ့ ၂ ယောက်ရောက်လာတယ်၊ဆိုင်ရှင်ကလည်း ဝယ်သူပဲထင်တာပေါ့၊ပြီးမှ သေနတ်ထုတ်ပြီး ချိန်တယ် မှန်ကောင်တာရိုက်ခွဲပြီး ရွှေတွေယူသွားတယ်။ ဘယက်အတွဲပါသွားတယ်။ ဖြစ်တဲ့ဆိုင်က မြို့နယ်ခန်းမဘေးမှာဖွင့်ထားတာ၊ မြို့လယ်ပဲပေါ့။လူစည်ကားတဲ့နေရာပါ။ကားဝန်းတွေလည်းရှိတယ် ၊ဆိုင်က cctv လည်းရှိတယ် “လို့ တောင်ကုတ်မြို့ခံတစ်ဦးကပြောပါတယ်။

ဓားပြတိုက်ခံရပြီး လုယက်ခံလိုက်ရတဲ့ပစ္စည်းတွေက ရွှေဆွဲကြိုး ၁ဝ ကုံး၊ ရွှေ ဘယက် ၂ ခု၊ ၁ ကျပ်သား ရွှေဆွဲကြိုး ၇ ကုံး၊ ရွှေဆွဲသီး၊ ရွှေဟန်းချိန်း ၁၀ ခု အားလုံး စုစုပေါင်း ရွှေ ၂၀ ကျပ်သား ဝန်းကျင်ရှိတယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။

ရွေဆိုင်ဓားပြတိုက်ခံရတာနဲ့ပတ်သက်ပြီး ရွှေဆိုင်ဘက်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

ရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့ကာ လက်ရှိ ဆိုင်ကိုပိတ်ထားသလို ဓားပြတိုက်သွားသူတွေကို တောင်ကုတ်မြို့နယ်ရဲစခန်းတာဝန်ရှိသူတွေက လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကုတ် #ရွှေဆိုင်ဓားပြတိုက်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW