ဇူလိုင် ၂၇ – ၂၀၂၃
GG(VOM)
EV လျှပ်စစ်ကားတွေ လက်ဝယ်မရှိဘဲ Pre Order ကြိုတင်မှာယူစနစ်နဲ့ ရောင်းနေတာတွေ၊ အမြတ် ၂၀ ရာခိုင်နူန်းထက် ပိုယူတဲ့ ကုမ္ပဏီတွေကို အရေးယူမယ်လို့ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီက သတိပေးလိုက်ပါတယ်။
တားမြစ်ချက်အပေါ် လိုက်နာခြင်းမရှိပါက စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းတာ ၊ စားသုံးသူရေးရာဥပဒေအရ အရေးယူတာကိုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
” သတိပေးချက်ကို မလိုက်နာတဲ့ အရောင်းပြခန်းတွေကို ပါမစ်အရေအတွက် လျော့ချတာ ၊အရောင်းရပ်ဆိုင်းတာ ၊ ကား တင်သွင်းခွင့် လိုင်စင်ပိတ်သိမ်းတာလုပ်မယ်လို့ ပြောပါတယ်။ ရှောင်တခင်စစ်ဆေးတာတွေလည်းလုပ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ် “လို့ EV ကား ရောင်းချနေတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။
EVကား တင်သွင်းရောင်းချနေသူအချို့ဟာ ကားတွေလက်ဝယ်မရောက်ရှိသေးဘဲ ငွေတစ်ဝက်ချေစနစ်နဲ့ ကားတွေကြိုရောင်းချတာ တွေရှိနေတဲ့အပြင် အကျိုးအမြတ်တွေ သတ်မှတ်နူန်းထက်ပိုရောင်းတာတွေ လုပ်လာတာကြောင့် အခုလိုသတိပေးလိုက်တာဖြစ်တယ်လို့ ကားဝယ်ရောင်းလုပ်နေသူတွေဆီက သိရပါတယ်။
“ဒီ EV Car ကြိုက်တယ် ၊ ဘယ်လောက်လဲ
သိန်း 1000 ဟုတ်ပြီ ၊ယူမယ် ငွေချေမယ် ၊အခု ကားယူမယ်ဆိုတော့ အခုချက်ချင်းမရပါဘူး၊
ကားမရှိဘူးတဲ့ ။ဘယ်တော့ရမလဲဆိုတော့
Pre Order တင်ရပါမယ်တဲ့၊ဘယ်လောက်တင်ရမလဲဆိုတော့ ၅၀ ရာခိုင်နူန်းတဲ့ ၊ဒါနဲ့ ဘယ်တော့ရမလဲဆိုတော့ နောက်ထပ် 6လမှ ရပါမယ်တဲ့၊
ဒီလိုကြုံခဲ့ရတဲ့ showroom ၃ခုလောက်ရှိပါတယ်။ “လို့ ကားဝယ်ယူဖို့ပြုလုပ်ခဲ့သူတစ်ဦးကပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံကို EV ကားတင်သွင်းခွင့်ရတဲ့ ကုမ္ပဏီ ၃၅ ခု ရှိတဲ့အထဲမှာ နိုင်ငံခြား ကားစက်ရုံတွေနဲ့ တိုက်ရိုက်စာချုပ် ချုပ်ဆိုပြီး တင်သွင်းတာရှိသလို အခြား တဆင့်ခံတွေဆီကနေ စိတ်ကြိုက်ကားဝယ်ပြီး တင်သွင်းတဲ့ ကုမ္ပဏီတွေလည်း ရှိကြောင်း ၊ကုမ္ပဏီတစ်ခုကို Brand (၂)မျိုး တင်သွင်းခွင့်ရှိပြီး Brand တစ်ခုချင်းစီအတွက် Showroom နဲ့ Service center တည်ဆောက်ပြီးစီးမှ တင်သွင်းခွင့် ပြုထားတာဖြစ်တယ်လို့သိရပါတယ်။
ကားကို တင်သွင်းတဲ့အခါမှာလည်း တစ်ကြိမ် တင်သွင်းတဲ့အခါ ဒေါ်လာ (၁)သန်းတန်ဖိုးကို ကားအစီးရေ (၅၀)ပြည့်အောင် တင်သွင်းရကြောင်း ၊တင်သွင်းထားတဲ့ ကားအစီးရေ (၅၀) မှ (၄၀)စီးကို က.ည.န မှာ မှတ်ပုံတင်ပြီး Owner Book ရရှိပြီးမှသာ နောက်ထပ် အစီး (၄၀)ကို သွင်းကုန်လိုင်စင် ထပ်မံလျှောက်ထားခွင့်ရရှိ တယ်လို့ သိရပါတယ်။
” ၆ လပိုင်းလောက်ကစပြီး ဒေါ်လာပေါက်ဈေး မြင့်တက်လာလို့ အစိုးရက သွင်းကုန်ကို သေချာစီစစ်ဖို့ ဆောင်ရွက်ခဲ့တယ်။ ဒီအထဲမှာ EV လည်းပါတော့ အချိန်ပုံမှန်ကြာသင့်တာထက် ပိုကြာနေတာဖြစ်ပါတယ်။ ကုမ္ပဏီ (၃၅)ခုလုံးရဲ့ EV ကားပါမစ်တွေကို စုစုပေါင်း တစ်လ ဒေါ်လာ (၁၂) သန်းဖိုး တင်သွင်းခွင့်ပြုထားပြီး အခုတော့ ပါမစ်တွေ ပုံမှန်ပြန်ပေးတော့မယ်လို့ သိထားရပါတယ်။ ဒါဟာ တစ်လကို အစီး (၆၀၀)နှုန်းနဲ့ ဖြစ်ပါတယ်။ တစ်လ အစီး(၆၀၀)ဆိုတာ ဝယ်လိုအားထက် အဆမတန် နည်းနေသေးတော့ EV ကားကို မျက်မြင်ချက်ခြင်းလက်ငင်းဝယ်ဖို့တော့ ခက်ခဲနေနိုင်ပါသေးတယ်။ လက်ငင်းဝယ်မယ်ဆိုလည်း တဆင့်ပြန်ရောင်းတဲ့သူတွေဆီက ဝယ်ရမှာမို့ ဈေးများနိုင်ပါတယ််”လို့ ကား ဝယ်/ရောင်းလုပ်ကိုင်သူ၊ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောပါတယ်။
ဒါကြောင့် EVကား မှာယူမယ့်သူတွေအနေနဲ့ ကိုယ်ဝယ်ယူမယ့် ကုမ္ပဏီရဲ့ Brand တံဆိပ်တပ်ထားတဲ့ Showroom အခိုင်အမာ ရှိမရှိ၊ after-sale service အဆင်သင့် ပေးနိုင် မပေးနိုင်၊ အစိုးရမူဝါဒ အပြောင်းအလဲပေါ်မှာ ကားရ နောက်ကျတာ ခံနိုင်ရည် ရှိ၊မရှိနဲ့ ကားရောင်းတဲ့ ကုမ္ပဏီရဲ့ terms and condtionအရ ဈေး အပြောင်းအလဲရှိရင် လိုက်နိုင်မနိုင် ကို သေချာစဉ်းစားသင့်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
ကော်မတီကတော့ အခုနှစ် ၂၀၂၃ ဧပြီလနဲ့ ဇွန်လထဲက လျှပ်စစ်သုံးကားတွေ ပြန်လည်ရောင်းချတဲ့အခါ CIF တန်ဖိုးအပေါ် အမြတ်၂၀ ရာခိုင်နှုန်းထက် ပိုပြီးရောင်းချခြင်းမပြုဖို့ ၊ လူမှုကွန်ယက်ကနေ ကြေညာရောင်းချတာမလုပ်ဖို့ ၊ မော်တော်ယာဉ်ရောက်ရှိခြင်းမရှိဘဲ Pre order ကြိုတင်ရောင်းချတာမလုပ်ဖို့ အသိပေးထားတာကြောင့် သတိပေးချက်ကိုမလိုက်နာရင် အရေးယူမှာဖြစ်တယ်လို့ ကော်မတီက ထုတ်ပြန်ထားပါတယ်။
EV လျှပ်စစ်ကားတွေ မြန်မာနိုင်ငံကို တင်သွင်းမှုနဲ့ပတ်သက်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုထားတယ်လို့ သိရပါတယ် ။
#voiceofmyanmar #VOM #EVလျှပ်စစ်ကား #တင်သွင်းမှုကဏ္ဍ