ရန်ကုန်ရွှေစျေးကွက် စျေးဖွင့်မရောင်းသေးဘဲ ဆိုင်လာရောင်းတဲ့ရွှေကိုပဲ ပြန်ရောင်းပေးရပြီး အလျော့တွက်ပိုတောင်းတာမလုပ်ဖို့ သတိပေးထား

ဇူလိုင် ၃၀ – ၂၀၂၃
GG ( VOM)

ရန်ကုန်ရွှေဆိုင်အများစုက ဆိုင်ရှိပစ္စည်းကို အရောင်းမဖွင့်ပဲ ဆိုင်ကိုလာပြန်ရောင်းချတဲ့ ရွှေထည်ပစ္စည်းကိုပဲ တဆင့် ပြန်လည်ရောင်းချပေးတဲ့စနစ်နဲ့ လက်ရှိအရောင်းအဝယ် စျေးဖွင့်လုပ်နေကြတယ် သိရပါတယ်။

လက်ရှိမှာ ရန်ကုန်ရွှေစျေးကွက် အခြေအနေ အရောင်းအဝယ် အေးနေပြီး ၊ ဆိုင်အချို့က လက်ခ ၊ အလျော့တွက် ပိုပြီးတောင်းတာတွေလည်းရှိနေလို့ ခုလိုကန့်သတ်တာဖြစ်နိုင်ကြောင်းရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူက ဆိုပါတယ်။

” အရောင်းအဝယ် အေးနေတယ်။ဆိုင်တွေက ဝယ်လို့ရတာကိုပြန်ရောင်းပေးတယ်။သူတို့ပြန်ဝယ်လို့ရတဲ့ ပစ္စည်းပြန်ရောင်းပေးတယ်။ဥပမာတစ်နေ့ကို ၅ ကျပ်သားဝယ်လို့ရရင် အဲ့ဒါကိုပြန်ထုတ်ရောင်းပေးတဲ့စနစ်နဲ့သွားနေတယ်။နောက်ရက်အတွက်ကြိုရောင်းပေးတာမျိုးကတော့မရှိဘူး။ အလျော့တွက် ပိုတောင်းတာ တချို့ဆိုင်က ပိုယူတာရှိတယ်၊တချို့လည်းအမှန်တိုင်းယူတာရှိတယ်။ပစ္စည်းက လက်ရာအနု စိတ်တာက အလျော့တွက်များတယ်ပေါ့၊တော်ရုံတန်ရုံလက်ကောက်တို့ဆွဲကြိုးကျ အလျော့တွက်နည်းတယ်ပေါ့။ဒါကို မသိတဲ့လူလည်းမသိဘူးပေါ့။ဘောင်ချာမတွေ့ရတော့လည်းမသိရဘူးပေါ့၊ဒါပေမယ့် လိုင်းပေါ်မှာပျံ့လာတော့အသင်းက ခုလို အသိပေးတာပေါ့။ ” လို့ YGEA အသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။

ဒါ့ကြောင့် ရွှေဆိုင် တွေအနေနဲ့ ရွှေထည်တွေရောင်းချတဲ့အခါ သင့်တင့်မျှတတဲ့ အလျော့တွက် လက်ခနဲ့သာရောင်းချဖို့ ၊ ထပ် ဆောင်းအလျော့တွက် ထပ်ပြီးမပေါင်းဖို့ YGEA အသင်းက ဇူလိုင်လ ၂၈ ရက်နေ့မှာ စာထုတ်အသိပေးထားပါတယ် ။

အလျော့တွက် လက်ခ ထပ်ဆောင်းပေါင်းတောင်းတာ၊ ရွှေစျေးကစားတာ ၊ စျေးနူန်းတင်ရောင်းတာတွေကိုတော့ ရွေငွေကြီးကြပ်ရေးကော်မတီ၊စည်ပင်သာယာနဲ့ စစ်ဆေး ရေးအဖွဲ့တွေက ရှောင်တခင်စစ်ဆေးတာတွေလုပ်ပြီး အရေးယူနေတယ်လို့လည်း ပြောပါတယ်။

လက်ရှိ ရွှေဆိုင်တွေမှာ အမှန်တကယ်အရောင်းအဝယ်လုပ်နေတဲ့ စျေးက တစ်ကျပ်သားကို သိန်း ၃၀ ပတ်လည်သာရှိကြောင်း ၊ ပြင်ပမှာထွက်ပေါ်နေတဲ့ ရွှေတစ်ကျပ်သား ၃၅ သိန်းဆိုတာ အမှားသာဖြစ်တယ်လို့လည်း YGEA အသင်းဥက္ကဌကပြောပါတယ်။

YGEA အသင်းကတော့ ဇူလိုင် ၂၈ ရက်နေ့ထုတ်ပြန်တဲ့ ရွှေစျေးကွက်ကတော့ ကမ္ဘာ့မီးလင်းအခေါက်ရွှေစျေးက တစ်ကျပ်သားကို ၂၂၉၀၀၀၀ ဝန်းကျင်သာရှိပြီး ကမ္ဘာ့ရွှေစျေးကတော့ 1 Ounce ကို ၁၉၄၅ ဒေါ်လာဖြစ်ပါတယ်။

ငွေစက္ကူ ၂၀၀၀၀ တန်ထုတ်မယ်လို့ သတင်းကြေညာပြီး နောက်ပိုင်းကတည်းက ပြည်တွင်းရွှေစျေးက ခုန်တက်သွားပြီး ရွှေဆိုင်တွေက အရောင်းပိတ်တာတွေ ၊ အရောင်းအဝယ်မလုပ်ဘဲ ရပ်ခဲ့ကြသလို စျေးတန်းလည်းမဖွင့်ခဲ့ဘဲ အခုရက်ပိုင်းမှာသာ အရောင်းအဝယ်အချို့ ပြန်လည်လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #ရွှေဈေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW