စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကြား ဒီရက်ပိုင်းအတွင်း လူငယ်အလောင်း ၃၀ နီးပါးတွေ့

စက်တင်ဘာ ၊ ၄ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြားက ကျေးရွာတွေမှာ ဒီရက်ပိုင်းမှာ ( စက်တင်ဘာ ၁ ရက်ကစလို့) လူငယ်အလောင်း ၃၀ နီးပါး တွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” အသတ်ခံရပြီး ပြန်တွေ့ရတဲ့ သူတွေကတော့ ကျွန်းတောဦးရွာက ကိုညွန့်ဝင်း ၊ ကိုလှိုင်ထွေးအောင် ၊ ကိုကျော်သူမင်း၊ ကိုသူထူးစံနဲ့ ကိုဇင်သူ တို့ ၅ ယောက်ကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရတယ် ၊ အဲ့ဒီအပြင် ခက်ခရွာမှာ ၁ ယောက်၊ ကျွန်းတောဦးရွာမှာ ၇ ယောက်၊ ပေါက္ကားရွာ ၆ ယောက် ၊ မူးမန္တလေး ရွာ မှာ ၁ ယောက် ၊ ထန်းတောဆိပ်ရွာမှာ ၅ ယောက်၊ ထန်းကြီးရွာမှာ ၃ ယောက် ၊ ကျီးကန်(မြောက်) ရွာမှာ ၄ ယောက် ၊ အားလုံးပေါင်း ၂၇ ယောက် တွေ့ရတယ် ၊ သေဆုံးသူအားလုံးဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ကျွန်းတောဦးရွာခံ တယောက်က ” ဒီရက်ပိုင်းမှာ ရွာက လူငယ်တွေ ပျောက်နေတာများတယ် ၊ အဲ့ဒီလို ပျောက်နေတဲ့ ရွာတွေကတော့ ခက်ခ ၊ ကျွန်းတောဦး ၊ ပေါက္ကား ၊ မူးမန္တလေး ၊ ထန်းတောဆိပ် ၊ ထန်းကြီး ၊ ကျီးကန်း မြောက်ရွာ စတဲ့ ရွာတွေက လူငယ်တွေ ပျောက်နေတာဖြစ်တယ် ၊ ဆက်သွယ်လို့မရဘူး ၊သတ်ခံရတာလား ၊ ပြေးရင်း လွှားရင်း တခြားကိုရောက်သွားတာလား မသိရဘူး ၊ အဲ့ဒီပျောက်ဆုံးနေတဲ့ လူတွေထဲကနေ ဒီရက်ပိုင်းအတွင်းအသတ်ခံထားရတဲ့ ၂၇ ယောက်ကို ပြန်တွေ့ရတယ် ၊ ကျန်တဲ့သူတွေကတော့ အသတ်ခံရတာလား ၊ ရှင်သလား မသိရသေးဘူး ” လို့ ပြောပါတယ်။

အဲ့ဒီလို စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြားက လူတွေပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အဲ့ဒီနယ်တွေမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာတော့ရှိတယ် ၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူငယ်တွေလည်းရှိနိုင်တယ်၊ အသေဖမ်းမိသူတွေလည်း ရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း ၊ ဝက်လက် ၊ မြောင် ၊ မြင်းမူ ၊ ရွှေဘို ၊ အရာတော် ၊ ဘုတလင် ၊ ဆားလင်းကြီး ၊ ကနီ ၊ ယင်းမာပင် ၊ ပုလဲ ၊ တန့်ဆည် ၊ ရေဦး ၊ ဒီပဲယင်း ၊ ခင်ဦး ၊ ကန့်ဘလူ ၊ ကောလင်း ၊ အင်းတော် ၊ ဗန်းမောက် ၊ ပင်လည်ဘူး စတဲ့ မြို့နယ်တွေက ကျေးရွာတွေမှာ လူငယ်တွေ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အဲ့ဒီလို လူငယ်တွေ ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ဒီအနီးအနားကရွာတွေမှာ အနည်းဆုံး လူငယ်ပေါင်း သုံးထောင်ကျော် ပျောက်နေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ဝယ်လက် #လူငယ်ပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW