မိုးကောင်းမှာ ဖမ်းဆီးခံရတဲ့ စက်သုံးဆီဆိုင် ပိုင်ရှင် အမျိုးသမီး ချုပ်နှောင်စစ်ဆေးနေစဥ် သေဆုံး

စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၃
SP (VOM)

ကချင်ပြည်နယ် ၊ မိုးကောင်းမြို့က ဇင်ယော် စက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သူ အမျိုးသမီးဟာ မနေ့ စက်တင်ဘာ ၁၂ ရက်က ချုပ်နှောင်စစ်ဆေးနေစဥ် သေဆုံးသွားတယ်လို့ မိုးကောင်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဇင်ယော် စက်သုံးဆီဆိုင် ပိုင်ရှင် ဦးမိုးကျော်နဲ့ သူ့မိန်းမ ဒေါ်ခင်မာရွှေ လင်မယား ၂ ယောက်ကို အခုလ (စက်တင်ဘာ ၆)ရက်နေ့က ဖမ်းသွားတယ် ၊ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရဘူး ၊ သူတို့ ဖမ်းပြီးနောက် သူတို့ရဲ့ ဇင်ယော် စက်သုံးဆီ အရောင်းဆိုင် အဆောက်အဦကို မြေထိုးစက်နဲ့ ထိုးကော်ဖျက်စီးခံရတယ် “လို့ မိုးကောင်းဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မိုးကောင်းမြို့ခံ ပရဟိတသမားတယောက်က ” ဆီဆိုင်ပိုင်ရှင် လင်မယား ဦးမိုးကျော်နဲ့ ဒေါ်ခင်မာရွှေ အဖမ်းခံရတယ်ဆိုတာ ကြားတယ် ၊ နောက်ပြီး မနေ့ကတော့ ဒေါ်ခင်မာရွှေ အသက် ၅ဝ ဆုံးသွားပြီလို့ သိရတယ် ၊ နတ်ကြီးကုန်း သုဿန်မှာ သ​ဂြိုလ်တယ် ၊ လုံခြုံရေးအဖွဲ့တွေက အသုဘကို ဓာတ်ပုံယူခွင့်မပြုဘူးလို့ ကန့်သတ်တာတော့ ကြားရတယ် ၊ သူသေတာက ၉၆ ပါးလား ၊ စစ်ဆေးရင်း လက်လွန်လို့ သေတာလား မသိရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် မိုးကောင်းမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဇင်ယော် စက်သုံးဆီ ပိုင်ရှင်တွေဟာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကို ဆက်နွယ်တယ် ကူညီထောက်ပံ့တာတွေရှိတယ် ၊ ဆိုင်ကိုတော့ အမှုနဲ့ချိပ်ပိတ်သိမ်းဆည်းထားတယ် “လို့ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်က ကျောင်ကြို / ပို့လုပ်တဲ့ စစ်ကား တစ်စီး မိုးကောင်းမြို့မှာ သေနတ်နဲ့ ချောင်းမြှောင်း အပစ်ခံရပြီးနောက်ပိုင်း မိုးကောင်းမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်တာတွေ ၊ ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo Crd – မိုးကောင်းဒေသခံ ပရဟိတသမားတစ်ဦး
#voiceofmyanmar #VOM #မိုးကောင်း

Related posts

Leave a Comment

VOM News

FREE
VIEW